မူဆယ် ၃ ဇူလိုင်
မြန်မာအလုပ်သမားများ၊ အလည်ပတ်ခရီးသည်များနှင့် နယ်စပ်ဒေသ မူဆယ်မြို့မှ တရုတ်နိုင်ငံဘက်သို့ အဝင်/အထွက်များ အဆင်ပြေချောမွေ့စေရန်နှင့် ပိုမိုလျင်မြန်စေရန်အတွက် တစ်ဖက်တရုတ်နိုင်ငံမှ အသစ်ဆောက်လုပ်ထားသည့် နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်သစ်ကို ယခုလ ၅ ရက်တွင် ဖွင့်လှစ်၍ စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ နယ်စပ်ဒေသ၊ မူဆယ်မြို့မှ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်နိုင်ရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းသည် တရုတ်နိုင်ငံဘက်ရှိ လက်ရှိအဝင်/အထွက် ဂိတ်များတွင် စက်ပစ္စည်းတပ်ဆင်မှုနည်းပါးမှုကြောင့် လက်ဗွေအချက်အလက်များနှင့် မျက်နှာ(Scan)ရယူရာတွင် အချိန်ကျန့်ကြာနေရခြင်းဖြစ်သည်။ ယခုလတွင် ဂိတ်အသစ်(၁)တစ်ခု ထပ်မံဖွင့်လှစ်မည့်ဖြစ်ပြီး တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ရာတွင် (၅၀)ရာခိုင်နှုန်း မြန်ဆန်တော့မည်ဖြစ်ကြောင်း သိရသည်။
ယခုဂိတ်အသစ်ကို နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်(ဆင်ဖြူဂိတ်) တိုးချဲ့ဆောင်အသစ် ဖွင့်လှစ်မည်ဖြစ်ပြီး မူဆယ်မြို့မှ အထွက်ပေါက်တွင် စက်အသစ်(၇)လုံးနှင့် အဝင်ဂိတ်တွင် စက်အသစ်(၆)လုံး ထပ်မံတိုးချဲ့ထားကြောင်း သိရသည်။ အသစ်ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် မြေနေရာအနေအထားနှင့် အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်နိုင်ရေးအတွက် ဂိတ်အသစ်ကို ဇူလိုင် ၃ ရက် ညနေ ၂ နာရီခွဲတွင် ကြိုတင်၍ မူဆယ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာဦးဆောင်သည့် တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၊ ဒုတိယမြို့တော်ဝန် မစ္စတာချန့်ရောက်ဦးဆောင်သည့် အဖွဲ့များက လေ့လာကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဆလိ်ုင်းဗန်ရိုးထန်(ပြန်/ဆက်)