ပန်ဆိုင်း ၂၉ ဧပြီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့သို့ တရုတ်နိုင်ငံ၊ တယ်ဟုန်တိုင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဖောင်ဒေးရှင်း ရုံးအဖွဲ့နှင့် တရုတ်မိုးပြာကယ်ဆယ်ရေး အဖွဲ့တို့မှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်း ကိရိယာများကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် ပန်ဆိုင်း (ကြူကုတ်)- ဝမ်တိန်တံတား၌ လာရောက်ပေးအပ်လှူဒါန်းသည်။
အဆိုပါ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းကိရိယာများကို မြန်မာ-တရုတ် ပြည်သူ့ ဖောင်ဒေးရှင်း ရုံးအဖွဲ့ တာဝန်ခံ မစ္စတာတွမ်ရှောက်တုန်နှင့် တရုတ်မိုးပြာကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ မစ္စတာ ကောင်တိမ်ရီတို့ ဦးဆောင်သည့်အဖွဲ့မှ လာရောက်ပေးအပ်လှူဒါန်းခဲ့ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်နှင့် မြို့ပြည်သူ့ကျန်းမာရေးတာဝန်ခံ ဒေါက်တာတီခွန်ဆန်ဒွန်းတို့က လက်ခံသည်။
အဆိုပါလှူဒါန်းမှုတွင် နှာခေါင်းစည်းအခုရေ ၁၆၀ဝ၀ ၊ Alcohol Spray ဗူး ၆၀၊ ဆေးဖြန်းစက် ၅ ခု PPEဝတ်စုံ ၂၀ ခန့်မှန်းတန်ဖိုးနှင့် ပိုးသတ်ဆေးပြား ၁၀ ကီလိုဂရမ် စုစုပေါင်းငွေကျပ်သိန်း ၈၀ ခန့် တန်ဖိုးရှိကြောင်း သတင်းရရှိသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


