နမ့်ခမ်း ၁၈ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ နောင်ခမ်းကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာအနီးရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် BP-၅၇နှင့် BP-၅၈ကြား၊ နောင်တောင်းမြို့အဝင်လမ်းဘေးတွင် အောက်တိုဘာလ(၉)ရက်နေ့က မြန်မာ ဘက်ခြမ်းသို့ အရပ်ဝတ်ဖြင့် တရုတ်နိုင်ငံသား(၄)ဦးတို့က မြေတူးစက်(၁)စီးဖြင့် မြေသား မြောင်း တူးဖော်ခြင်းကို နမ့်ခမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တရုတ်နိုင်ငံ၊ ရွှေလီပြည်ပရေးရာဌာနထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်းသိရသည်။
အဆိုပါ တရုတ်နိုင်ငံသား(၄)ဦးတို့က မြန်မာ-တရုတ်နယ်နိမိတ်မျဉ်းနှင့် ကပ်လျက် အလျား(၁၀၀)ပေ၊ အကျယ်(၁၀)ပေနှင့် အနက်(၈)ပေခန့်ရှိ မြေသားမြောင်းကို တူးဖော်ထားပြီး တူးဖော်ထားသည့် မြေသားမြောင်းသည် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပေ(၆၀)ခန့် ဝင်ရောက်နေသည်ဟုသိရသည်။ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းနှင့် ကပ်လျက် မြေသားမြောင်းတူးဖော်ရာတွင် နှစ်နိုင်ငံ၊ ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ပေ(၆၀)ခန့်ရှိ မြေသားမြောင်းကို မြန်မာနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်ခြင်းကြောင့် နှစ်နိုင်ငံ၊ ချစ်ကြည်ရေးကို အလေးထား၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီပြည်ပရေးရာဌာနသို့ အောက်တိုဘာ(၁၀)ရက်နေ့တွင် နမ့်ခမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကန့်ကွက်စာပေးပို့ထားကြောင်းသိရသည်။
မြန်မာနိုင်ငံဘက်ခြမ်းသို့ ပေ(၆၀)ခန့်ရှိ မြေသားမြောင်းဝင်ရောက်တူးဖော်ခြင်းကို နမ့်ခမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကန့်ကွက်စာပေးပို့ရက်၊ တစ်ပတ်ကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီး တစ်ဖက်နိုင်ငံမှ လာရောက်မြေဖို့ရှင်းလင်းခြင်း မရှိသေးကြောင်း နမ့်ခမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)




