နေပြည်တော် မေ ၂၈

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၆)အတွက် ရန်ပုံငွေလွှဲပြောင်း လက်ခံလွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပသည်။

 

ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ၏ ရှေ့မှောက်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့က လက်မှတ်ရေးထိုးကြသည်။

 

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများသည် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် အရေးပါလှပြီး ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှုကို သိသာထင်ရှားစွာ အထောက်အကူပြု လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှ စတင်၍ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၄၆ သန်း ကျော်ခန့်တန်ဖိုးရှိ စီမံကိန်း စုစုပေါင်း ၁၄၀ ကို ရရှိခဲ့ ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် နယ်ပယ်များကို အထောက်အကူပြုနိုင်မည့် စီမံကိန်း ရှစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်း ဒေသတွင်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံနှင့် လည်းကောင်း၊ အခြားသော မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများနှင့် လည်းကောင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြု ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက အမှာစကားပြောကြားသည်။

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် ဒေသတွင်း ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ်၍ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသော အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည့် ဒေသခွဲပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ယန္တရားတစ်ရပ်ဖြစ်သည်။

 

သတင်းစဉ်