ရန်ကုန် ၁၂ မေ
Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိက္ကဆံကွင်းရှိ ပြည်ထောင်စုခန်းမ၌ မေ ၁၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း၏ ပူးပေါင်းဆက်သွယ်ကူညီပေးမှုအရ မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည့် Myanmar Shwe Nagar Agricultural Group Co., Ltd (မြန်မာ့ရွှေနဂါး) နှင့် CHINA MERCHANTS GROUP တို့ ပူးပေါင်း၍ ငွေကျပ် သိန်း ၁၅၁၅ တန်ဖိုးရှိ PPE ဝတ်စုံ ၄၀၀၀ စုံ၊ ကျန်းမာရေးသုံးမျက်မှန် ၄၀၀၀ ခု၊ ကျန်းမာရေးတစ်ခါသုံး Mark ၄၅၀၀၀ ခု စသည့် COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ယင်းလှူဒါန်းပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ Myanmar Shwe Nagar Agricultural Group Co., Ltd (မြန်မာ့ရွှေနဂါးကုမ္ပဏီ) ကိုယ်စား ဦးမင်းစည်သူ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ ဒေါ်စိုးယုလှိုင်နှင့် ဒေါ်ဂျူဂျူးတို့ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဦးမင်းစည်သူအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
အာကာစိုး


