မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး နည်းပညာမြင့် တန်ဖိုးသင့် ရွှေပြည်သာ-သာဓုကန်စက်မှုဇုန်ထုတ် လျှပ်စစ်ကားအမျိုးအစား ဈေးကွက်ထဲထိုးဖောက်လာတော့မည်     

ရန်ကုန် ၁၇ စက်တင်ဘာ        

            
မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် တရုတ်နိုင်ငံ၏ နည်းပညာမြင့် လျှပ်စစ်ကား အမျိုးအစားသစ်များကို စက်တင်ဘာလပိုင်းမှစတင်ကာ  ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ ကားစက်ရုံတွင် ထုတ်လုပ်နေပြီ ဖြစ်ရာ မကြာမီကာလအတွင်း ဈေးကွက်အတွင်းသို့ထိုးဖောက်လာတော့မည်ဖြစ်ကြောင်း "KHAINGKHAING SANGDA MOTORCAR"ကားစက်ရုံ မှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ YU JIAN CHEN ထံမှ  သိရသည်။

               
ထိုလျှပ်စစ်ကားများကို တရုတ်နိုင်ငံ YUE DI နှင့် မြန်မာနိုင်ငံ KHAINGKHAING SANGDA MOTORCAR FACTORY  တို့ ပူးပေါင်းကာ ပထမဆုံး ဖက်စပ်ထုတ်လုပ်သော ကားများဖြစ်ကြောင်း သိရသည်။

              
" ဒီလျှပ်စစ်ကားတွေကို မြန်မာနိုင်ငံအတွက် ပထမဆုံး ထုတ်လုပ်တင်သွင်းရတာဟာ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုပိုမိုခိုင်မာစေဖို့ကို အဓိကရည်ရွယ်ပါတယ်။ ဒီကားတွေတင်သွင်းမှု အတွက် တရုတ်အစိုးရက အခွန်မယူပါဘူး။ မြန်မာပြည်သူတွေကို ဈေးပေါပေါနဲ့ ဝယ်ယူအသုံးပြု နိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ။ အရစ်ကျစနစ်နဲ့လည်း ဆောင်ရွက်ပေးနိုင်ဖို့အစီအစဉ်ရှိပါတယ်။ ကားတွေကို တရုတ်ပြည်မှာထုတ်လုပ်ပြီး မြန်မာနိုင်ငံမှ တပ်ဆင်ထုတ်လုပ်ပေးသွားမှာပါ။ မြို့တွင်း/ မြို့ပြင် ဟိုင်းဝေး တစ်နိုင်ငံလုံးကို မောင်းနှင်နိုင်အောင်နည်းပညာ နဲ့ ထုတ်လုပ်ပေးထားပါတယ်။ ဘယ်ထရီ စွမ်းအင်ကို လျှပ်စစ်မီးရှိတဲ့နေရာတွေမှာ အလွယ်တကူ သွင်းနိုင်ပြီး ဟိုင်းဝေးရောက်ရင် လမ်းမှာဘယ်ထရီအား ရာခိုင်နှုန်းနည်းနေရင် ဆီထည့်ပြီး ကားရဲ့ဘယ်ထရီကို အားဖြည့်ပေးနိုင်တဲ့ စက်ပါပါတယ်။ အဲ့ဒီအတွက်ဟိုင်းဝေးတွေမှာလည်း ကောင်းစွာအသုံးပြု နိုင်ပါတယ်။ အခုဆိုရင် စက်သုံးဆီဈေး မြင့်မားနေရင်လည်း လျော့ချ နိုင်မယ် မီးခိုးမထွက်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်ပါတယ် ။"ဟု  မစ္စတာ YU JIAN CHEN ကထပ်မံ ပြောသည်။


ယခု စက်တင်ဘာလတွင်စတင်ထုတ်လုပ်နေသည့် KSD-V1-NE2  အမျိုးအစား နှင့် KSD V1-NE3 အမျိုးအစားသည် လျှပ်စစ်အားတစ်ခါသွင်းလျှင် ကီလိုမီတာ ၈၀ဝ  ကို တစ်ဆက်တည်း မောင်းနိုင်ပြီး တစ်နာရီ မိုင်နှုန်း ကီလိုမီတာ ၇၀/၈၀  အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ကြောင်း သိရသည်။ 


သွားလာ၍ ဘယ်ထရီအား ၃၀ ရာခိုင်နှုန်း ကို ကားတွင်အပိုပါသော 789 CC ဘယ်ထရီဖြင့် အားထပ်မံဖြည့်ကာ သွားလာနိုင်ကြောင်း သိရသည်။ 


KSD-V1-NE6 သည် တစ်နာရီ မိုင်နှုန်း ကီလိုမီတာ ၈၀ အထက်  အမြန်နှုန်းဖြင့်မောင်းနှင်နိုင်ကြောင်း သိရသည်။ LITHIUM   BATTERY အမျိုးအစားကို အသုံးပြုထားပြီး စွမ်းဆောင်နိုင်မှုပမာဏ 180 AH ရှိသည်။ ယခု စက်တင်ဘာလတွင်အသစ်ထုတ်လုပ်သော ကားသည် မြန်မာငွေကျပ် ၁၃၉ သိန်း ကျသင့်မည်ဖြစ်ပြီး ဘယ်ထရီအာမခံ ၅ နှစ်ရရှိ မည်ဖြစ်သည်။ ထိုလျှပ်စစ်ကားများသည်  ငါးယောက်စီးဖြစ်ကြောင်းသိရသည်။  ကားများအတွက် အာမခံ(၅)နှစ်ပေးပြီး ထိုကာလအတွင်း ကား၏စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကိစ္စအဝ၀ကို စက်ရုံမှဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

       
ထိုကားစက်ရုံတွင် ကနဦး NEW ENERGY CAR (HYBRID) လျှပ်စစ်(ဘယ်ထရီ)ကား KSD-V1- NE1 အမျိုးအစားကို အစီးရေ တစ်ရာကျော် ထုတ်လုပ်ထားပြီးဖြစ်သည်။ ထိုအမျိုးအစားသည် ငါးယောက်စီးဖြစ်ပြီး တစ်နာရီလျှင် အမြန်နှုန်း ၅၀ ဖြင့် မောင်းနှင်နိုင်သည်။  ၅၅ ကီလိုမီတာသွားနိုင်ပြီး အားပြည့်နေလျင်  ကီလိုမီတာ ၁၀ဝ အကွာအဝေးကို တစ်ဆက်တည်း သွားနိုင်သည်။ LEADACID  BATTERY အမျိုးအစားကို အသုံးပြုထားပြီး စွမ်းဆောင်နိုင်မှုပမာဏ 100 AH ရှိသည်။ သွားလာ၍ ဘယ်ထရီအား ၃၀ ရာခိုင်နှုန်း ကျန်ရှိနေလျင် ကားတွင်အပိုပါသော  200 CC ဘယ်ထရီဖြင့်အားဖြည့်နိုင်ကြောင်း သိရသည်။ မြန်မာငွေ ကျပ် သိန်း ၉၃ ရှိပြီး ဘယ်ထရီအာမခံ တစ်နှစ်ခွဲပေးကြောင်း သိရသည်။

           
ထိုလျှပ်စစ်(ဘယ်ထရီ)ကားသည်  မြန်မာနိုင်ငံ၏  သဘာဝပတ်ဝန်းကျင်လေကောင်းလေသန့်ဖြစ်စေရန်/စက်သုံးဆီသုံးစွဲမှုလျှော့ချစေရေး နိုင်ငံခြားမှ စက်သုံးဆီ ဝယ်ယူနေမှုကိုလည်းလျှော့ချနိုင်ရန် မီးခိုးကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွတ်မှုလျော့ချစေရန်နှင့် ရန်ကုန်မြို့၏ လမ်းသွယ်၊ လမ်းငယ်များတွင် အလွယ်တကူ မောင်းနိုင်ပြီး အချိန်ကုန်သက်သာစေကြောင်း ကားပြုပြင်ထိန်းသိမ်းမှုစရိတ် သက်သာစေရန် လုံခြုံရေးယာဉ်/လမ်းရှင်းယာဉ် ယာဉ်များအဖြစ် အသုံးပြု နိုင်ပြီးအစိုးရ ဌာနဆိုင်ရာအရာရှိငယ်များနှင့် ပုဂ္ဂလိကကုမ္ပဏီများရှိ ဝင်ငွေ အလယ်တန်းအဆင့်ရှိသူများလည်း အသုံးပြုနိုင်ကြောင်း သိရသည်။


ထိုလျပ်စစ်(ဘယ်ထရီ)ကားများကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် အပိုင်း(၃/၄) အမှတ် (၇၉/၈၀)တွင် မြန်မာပြည်စက်ရုံအဖြစ် တည်ရှိကာ ထုတ်လုပ်သွားမည်ဖြစ်သည်။ ထို ကားစက်ရုံကြီးတည်ဆောက်ကာထုတ်လုပ်သွားမည့်အပေါ် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေကာ ကားထုတ်လုပ်မှုနှင့် ပတ်သက်သည့် နည်းပညာကျွမ်းကျင်ဝန်ထမ်းများမွေးထုတ်ပေးနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။


ထို NEW ENERGY CAR (HYBRID) လျပ်စစ်(ဘယ်ထရီ)ကားများ မြန်မာပြည်တွင်စတင် ထုတ်လုပ်မှုသည်လည်း ပထမဆုံးဖြစ်ကြောင်း မကြာမီကာလများတွင်ဈေးကွက်အတွင်းသို့ ထိုးဖောက်လာတော့မည်ဖြစ်ကြောင်း သိရသည်။

         
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး

 

1