နေပြည်တော် ၁၃  ဒီဇင်ဘာ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံရွှေလီမြို့တွင်  ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ ကျင်းပခဲ့သည့် (၁၈) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးကုန်စည်ပြပွဲအတွင်း နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများသည် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအား ဒီဂျစ်တယ်အွန်လိုင်းစနစ် ပြောင်းလဲနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

 

ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေး ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြပြီး တရုတ်နိုင်ငံဘက်မှလည်း အစိုးရတာဝန်ရှိသူများနှင့်အတူ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒီဂျစ်တယ်ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

E-Commerce စနစ်ပြောင်းလဲနိုင်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က “နိုင်ငံတကာမှာ E-Commerce က မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ဒီဂျစ်တယ်စနစ်အောင်မြင်ရေးအတွက် အစိုးရအနေနဲ့ လက်ရှိမှာ E-Commerce ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီလည်းဖွဲ့စည်းထား ပြီးဖြစ်တယ်၊ ကော်မတီက ဒီလုပ်ငန်းတွေလုပ်တဲ့ နေရာမှာလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေကိုအမြန်ထုတ်ဖို့လိုပါတယ်။ ကမ္ဘာကြီးက အပြောင်းအလဲ အလွန်မြန်တယ်၊ ဒီအပေါ်မှာတာဝန်ရှိသူတွေအနေနဲ့ အမီလိုက်နိုင်ဖို့လိုအပ်တယ်၊ မြန်မာနိုင်ငံက နိုင်ငံ ၅ နိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတဲ့အတွက် နယ်စပ်ကနေ ကူးသန်းရောင်းဝယ်ရာမှာ တရားဝင်ဖြစ်ဖို့ လိုပါတယ်၊ တရားမဝင် ကူးသန်းရောင်းဝယ်မှုတွေကြောင့် တရားဝင်စီးပွားရေး လုပ်ငန်းရှင်တွေကခက်ခဲနေတဲ့အနေအထားဖြစ်တယ်။ ဒါတွေကြောင့် E-Commerce ကလိုအပ်တယ်၊ E-Commerce က တရားဝင်လုပ်မှရတာ၊ ဒီစနစ်ကလူချင်းတွေ့နေစရာ မလိုဘူး၊ အွန်လိုင်းပေါ်ကနေ အရောင်း၊ အဝယ်လုပ်တဲ့စနစ်ဖြစ်ပါတယ်၊ တရားဝင်စနစ်ဖြစ်အောင်လည်း တာဝန်ရှိတဲ့ဌာနတွေက ပွင့်ပွင့်လင်းလင်းနဲ့ သူ့တာဝန်၊ ကိုယ့်တာဝန်ကို အတူတူပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အစီအစဉ်နဲ့ လက်တွေ့လုပ်ငန်းတွေမှာ ပိုမို ကောင်းမွန်လာအောင်လုပ်ဖို့ လိုပါတယ်။ လုပ်ငန်းရှင်ဘက်ကလည်း အခွန်လည်း မရှောင်ဘူး၊ တရားဝင်လိုင်စင်နဲ့ ရောင်းဝယ်မယ်ဆိုရင် လုပ်ငန်းဆောင်ရွက်ရာမှာ ပိုမြန်ဆန်လာမယ်ထင်ပါတယ်” ဟုပြောသည်။

 

အိမ်နီးချင်းတရုတ်နိုင်ငံသည် ဒီဂျစ်တယ်နည်းပညာတွင် လျင်မြန်စွာတိုးတက်နေပြီး ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)၏ ၅၁ ရာခိုင်နှုန်းကျော်မှာ ၂၀၂၃ ခုနှစ်တွင် ဒီဂျစ်တယ်နည်းပညာ နှင့် ဆက်စပ်လာမည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများတွင် ဒီဂျယ်တယ်နည်းပညာကို အဆင့်မြှင့်တင် အသုံးပြုလာနေကြောင်းကို နိုင်ငံတကာအချက်အလက် ညွှန်းကိန်းအဖွဲ့ (IDC)က ခန့်မှန်းထားသည်။

 

mdn

 

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နယ်စပ်ချင်းကီလိုမီတာ (၂၀ဝ၀)ကျော် ထိစပ်နေပြီး ချစ်ကြည်ရင်းနှီးသည့် အိမ်နီးနားချင်းကောင်းများလည်း ဖြစ်သည်နှင့်အညီ ရှေးနှစ်ပေါင်းများစွာက ပင်ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာများတွင် နီးကပ်စွာ အပြန်အလှန် ဆက်ဆံမှုများ ရှိခဲ့ကြသဖြင့် မြန်မာ-တရုတ်ကုန်သွယ်မှုသည်လည်း နှစ်စဉ် တိုးတက်လျှက်ရှိပြီး၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် တရားဝင်စာရင်းဇယားများအရ အမေရိ ကန်ဒေါ်လာ ၁၁ ဒသမ ၃၆ ဘီလီယံရှိခဲ့သည့်အနက် နှစ်နိုင်ငံနယ်စပ်မှတဆင့်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံရှိခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်း (၅)ခုရှိသည့် အနက်မူဆယ်-ကျယ်ဂေါင်-ရွှေလီစခန်းမှကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ အထိရှိခဲ့ကြောင်း သိရသည်။

 

“တရားမဝင်လုပ်ငန်းတွေက နိုင်ငံကိုတော်တော်များများ ထိခိုက်ပါတယ်။ E-Commerce က စလုပ်တာက လုပ်နေပြီ။ အောင်မြင်ဖို့အတွက်ကဥပဒေစိုးမိုးဖို့လည်း လိုပါတယ်၊ ဥပဒေစိုးမိုးနိုင်အောင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် လုပ်ရမယ်၊ ဒီဂျစ်တယ်စနစ်ကနေအချက်အလက်တွေကို မြန်မြန်ဆန်ဆန်ရရှိနိုင်အောင်လုပ်ရမယ်၊ လုံခြုံရေးကလည်း ဒီထက်မကပိုမိုကောင်းမွန်တဲ့ လုံခြုံရေး ဖြစ်ရမယ်။ အခုလိုအငြင်းပွားပြီး တိုက်ခိုက်နေတာတွေလည်း နှစ်ပေါင်း ၇၀ ကျော်လာပါပြီ၊  ဒါတွေအားလုံးကောင်းမွန်မှ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းကအောင်မြင်မှာပါ” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က ဒီဂျစ်တယ်စနစ် အောင်မြင်ရေးနှင့်ပတ်သက်၍  အကြံပြုပြောကြားသည်။

 

ဟန်လင်းနိုင်၊ သန်းတင်အောင်