မူဆယ်  ၃၁  ဒီဇင်ဘာ 

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ယနေ့ နံနက် ၇ နာရီက ရွှေလီမြို့၊ နော်မောဟုပန်းခြံ၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် စုစုပေါင်း ၇၀၀၀ ကျော်ခန့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ 

အခမ်းအနားကို အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦး၊ ရှမ်းပြည်နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်မှူး ဦးကျော်ကျော်သိန်း၊ မူဆယ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အားကစားလေ့ကျင့်ရေးနှင့် လူငယ်အားကစားမှူး မစ္စတာလိရောင်ယုန်း၊ ယူနန်ပြည်နယ်၊ ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ကျောက်ကန်နှင့် နှစ်နိုင်ငံတာဝန်ရှိသူတို့က ဖွင့်လှစ်ပေးသည်။

ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ နောင်မောဟုပန်းခြံမှ စတင်တာလွှတ်ပြီး နှစ်နိုင်ငံနယ်စပ်ဂိတ် (နန်းတော်ဂိတ်)မှ မြန်မာနိုင်ငံ၊ မူဆယ်မြို့ထဲသို့ ဝင်ရောက်သည်။ မူဆယ်မြို့မှတစ်ဆင့် နှစ်နိုင်ငံနယ်စပ်ဂိတ်(ဆင်ဖြူဂိတ်)မှ ရွှေလီမြို့သို့ ပြန်ထွက်ပြီး နောင်မောဟုပန်းခြံတွင် ပြန်လည်ပန်းဝင်ခဲ့ကြသည်။ 

“မြန်မာ-တရုတ် နှစ်နိုင်ငံ၊ ချစ်ကြည်ရေးအတွက် လာရောက်ယှဉ်ပြိုင်တာပါ၊ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲဟာ တစ်မူထူးခြားတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်၊ အားကစားနဲ့ပတ်သက်ပြီးတော့ သင်ယူစရာ၊ သင်ခန်းစာရစရာတွေ အများကြီး ရရှိခဲ့ပါတယ်”လို့ မူဆယ်မြို့မှ တာလတ်ဝင်ရောက်ယှဉ်ပြိုင်သူ ကိုဇော်မင်းနိုင်က ဝင်ရောက်ယှဉ်ပြိုင်ရခြင်းအကြောင်းကို ပြောသည်။

ပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးများဟူ၍ (၂)မျိုးသီးသန့်ယှဉ်ပြိုင်ကြပြီး တာဝေး ၄၂ ဒသမ ၁၉၅ ကီလိုမီတာ၊ တာလတ် ၂၁ ဒသမ ၀၉၇၅ ကီလိုမီတာ၊ တာတို ၅ ကီလိုမီတာနှင့် အပျော်တမ်း ၂ ကီလိုမီတာ ဟူ၍ ကစားမျိုး(၄)မျိုး ယှဉ်ပြိုင်ကြသည်။ 

တာဝေး(ပထမ)ဆုကို တရုတ်ယွမ်ငွေ နှစ်သောင်းကျပ်၊ တာလတ်(ပထမ)ဆု ရှစ်ထောင်ကျပ်၊ တာတို၊ အပျော်တမ်း၊ ပေါက်ဖော်ဆုဟူ၍ တတိယဆုအထိ အသီးသီးပေးအပ်ချီးမြှင့်သည်။
 
“ဒီပြိုင်ပွဲ ကျင်းပပေးတဲ့အတွက် နိုင်ငံတကာ အားကစားသမားတွေရဲ့ တိုးတက်မှုတွေကို မြင်တွေ့ရတယ်၊ ကျွန်တော်တို့ ဘယ်လောက်ထိ ကြိုးစားရမလဲဆိုတဲ့ အသိလေးတွေရတယ်၊ ပြိုင်ပွဲတစ်လျှောက်မှာ နှစ်နိုင်ငံပရဟိတတွေရဲ့ ဆေးဝါးကုသ ပေးတာတွေ၊ ပရိသတ်တွေရဲ့ အားပေးမှုတွေက အတုယူချင်စရာပါ၊ နောက်နှစ်တွေလည်း ဆက်လက်ယှဉ်ပြိုင်ဖို့ စိတ်ကူးထားပါတယ်၊ ဒီပြိုင်ပွဲကျင်းပပေးတာ အားကစားသမားတွေအတွက် အရမ်းအကျိုးရှိပါတယ်” လို့ ၂၀၁၇ ခုနှစ်မှ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့၊ နေပြည်တော်မြို့မှ လာရောက်ယှဉ်ပြိုင်သူ ဇင်မင်းထက်က ပြိုင်ပွဲအတွေ့အကြုံများကို ပြောသည်။

မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး (၄)ကြိမ်မြောက်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ် မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော်မာရသွန်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကင်ညာနိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် အခြားနိုင်ငံပေါင်း ၃၃ နိုင်ငံမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ပြေးခုန်ပစ်အဖွဲ့ချုပ်၊ ယူနန်ပြည်နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြီး မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်၊ တရုတ်နိုင်ငံ၊ ရွှေလီမြို့တာဝန်ရှိသူများနှင့် မူဆယ်မြို့တာဝန်ရှိသူတို့ ပူးပေါင်းပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မာရသွန်ပြိုင်ပွဲကို နှစ်နိုင်ငံရှိ ပြည်သူများ အားကစားကဏ္ဍာကို အပြန်အလှန်ဖလှယ်ပြီး ပိုမိုတိုးတက်လာစေရန်၊ မြန်မာ-တရုတ် ရိုးရာဓလေ့ထုံးစံများ ပိုမိုရင်းနှီးလာစေရန်၊ မြန်မာ-တရုတ် ကုန်စည်သွားလာရေးများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန်နှင့် နှစ်နိုင်ငံကို ရင်းနှီးခင်မင်စေသည့် ပြသတင်းပေါက်တစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)