နေပြည်တော် ၂၇ အောက်တိုဘာ
မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်နိုင်ငံဒေသအဆင့် လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးကို မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနှင့် တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ်၊ ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Zhao Ruijun တို့က ဦးဆောင်ပြုလုပ်သည်။
အစည်းအဝေးတွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများ၊ အကြံပြုချက်များအပြင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် လာမည့်ပွင့်လင်းရာသီ၌ ဖရဲသီး၊ သခွားမွှေး အစရှိသည့် သစ်သီးဝလံများတင်ပို့မှု ပိုမိုများပြားလာမည်ဖြစ်ရာ မြန်မာပို့ကုန်ယာဉ်များ ယာဉ်ကြောပိတ်ဆို့မှုမရှိစေပဲ အဆင်ပြေစွာ ကုန်စည်တင်ပို့နိုင်ရေးအပါအဝင် ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသအဆင့် လုပ်ငန်းအဖွဲ့အစည်းအဝေးများအား ပုံမှန်ကျင်းပနိုင်ရေးကိစ္စရပ်များ၊ ကုန်သွယ်မှုဆိုင်ရာ အထွေထွေကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
ဒေသအဆင့်လုပ်ငန်းအဖွဲ့၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပသွားရန် နှစ်ဘက်စလုံးမှ သဘောတူညီခဲ့ကြပြီး အစည်းအဝေးသည် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက်များစွာ အထောက်အကူပြုစေရန် ကျင်းပသည့် အစည်းအဝေးဖြစ်သည်။
ယနေ့ကျင်းပသည့် အစည်းအဝေးသို့ ကူမင်းမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ကူမင်းကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shu Fu ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲမှ အစိုးရအဖွဲ့ဝင် Ms. Wang Yu နှင့် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


