နေပြည်တော် ၅ အောက်တိုဘာ
မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (BSEZ) တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အစိုးရအဖွဲ့ရုံး မလိခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာ - တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရာတွင် နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက် တိုင်းတာသတ်မှတ်နိုင်ရေး၊ မြန်မာ - တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်၊ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးနှင့် Joint Working Group ဖွဲ့စည်းနိုင်ရေးတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီး ဉီးအောင်ထူးနှင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြသည်။
သတင်းစဉ်


