နေပြည်တော် ဒီဇင်ဘာ ၁၁

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၊ မန္တလေး-မူဆယ် လမ်းကြောင်းတစ်လျှောက် ကုန်စည် ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေး  ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးနှင့် Check Point များ သတ်မှတ်ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ (၇၃) လမ်း၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြားရှိ Pullman Mandalay Mingalar Hotel ၊ သဇင်ခန်းမ (၂) ၌ ကျင်းပသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း က ယခုအချိန်တွင် တရုတ်နယ် စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သော်လည်း မူဆယ်၊ ချင်းရွှေဟော်တို့၌ ပို့ကုန်ယာဉ်အများအပြား ကျန်ရှိနေသေးသဖြင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ယင်းကြောင့် မန္တလေး ၁၆ မိုင် စစ်ဆေးရေးဂိတ် အနေဖြင့် ပို့ကုန်ယာဉ်များအား ခေတ္တယာယီဖြတ်သန်းခွင့်မပြုသေးဘဲ၊ ဒုတိယအကြိမ် SOP အသစ်ပြန်လည်ရေးဆွဲပြီး၊ မန္တလေး ၁၆ မိုင် စစ်ဆေးရေးဂိတ်အပါအဝင် မြစ်ငယ်တိုးဂိတ်၊ မန္တလေး ထုံးဘိုလမ်းနှင့် (၆၂) လမ်းဆုံ၊ အုန်းချောအဝင် မန္တလေး-လားရှိုးလမ်းနှင့် ထုံးဘိုလမ်းဆုံ (ရတနာလင်းလမ်းဆုံ) စသည့် နေရာများတွင် Check Point ထပ်မံဖွဲ့စည်းပြီး ပို့ကုန်ယာဉ်များအား ထိန်းချုပ်စေလွှတ်ခြင်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မူဆယ်တွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး၊ Logistic Cost  ကုန်ကျစရိတ်မြင့်မားမှု မဖြစ်ပေါ်စေရေး တို့အတွက် တက်ရောက်လာကြသော ကုန်သည်များ၊ လုပ်ငန်းရှင်များမှ ပူးပေါင်း ဆောင်ရွက်ပေးမည်ဆိုပါက Management လုပ်ကိုင် ဆောင်ရွက်နေရသော အစိုးရပိုင်း အနေဖြင့်လည်းကောင်း၊ ပုဂ္ဂလိကအပိုင်း အနေဖြင့်ပါ Win-Win Situation ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ကုန်စည် ကူးသန်းရောင်းဝယ်မှုတွင် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သင့်ပါကြောင်း၊ Check Point တစ်ခုချင်းစီတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ကုန်သည်လုပ်ငန်းရှင်များနှင့် အတူလိုက်ပါဆောင်ရွက်ရသော ယာဉ်မောင်း/ ယာဉ်နောက်လိုက်များပါ သိရှိနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုထိန်းချုပ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး မန္တလေး-မူဆယ် လမ်းကြောင်းတစ်လျှောက် ယာဉ်ကြော ပိတ်ဆို့မှု မရှိစေရေးနှင့် Check Point များ သတ်မှတ်ဆောင်ရွက်ရေးဆိုင်ရာများကို  ရှင်းလင်း ဆွေးနွေးခဲ့ပြီး သက်ဆိုင်သည့် ဌာနများဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး  (၁၆) မိုင် စစ်ဆေးရေးစခန်း တာဝန်ခံများက ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းပြည်နယ်မြောက်ပိုင်း) ဥက္ကဋ္ဌ၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း တာဝန်ခံညွှန်ကြားရေးမှူးတို့က Zoom Meeting ဖြင့် တက်ရောက်ခဲ့ပြီး Check Point နေရာများအလိုက် ဆောင်ရွက်မည့်  လုပ်ငန်းစဉ်၊ ယာဉ်ရပ်နားကွင်း၊ ကုန်ချကွင်းနှင့် ယာဉ်ရပ်နားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက နိဂုံးချုပ် စကားပြောကြားသည်။

ယင်းနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ တို့သည် မွန်းလွဲပိုင်းတွင်  မန္တလေးတိုင်းဒေသကြီး၊ မန္တလေးပြင်ဦး လွင်လမ်းမကြီးပေါ်ရှိ (၁၆) မိုင်ကုန်ပစ္စည်း စစ်ဆေးရေးစခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက မော်တော်ယာဉ်နှင့် ကုန်ပစ္စည်းများအား စစ်ဆေးဆောင်ရွက်နေမှုတို့အား ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)