ရန်ကုန်၊ ၁၅ ဒီဇင်ဘာ
မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးဗဟိုအသင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးသို့ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်တို့က လက်ခံရယူပြီး ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ယခုလှူဒါန်းမှုများတွင် ကိုဗစ်ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် Thermometer , Mask , Hand Sanitizer Gel & Spray , Hand Wash များ ပါဝင်ပြီး စုစုပေါင်း ငွေကျပ် (၁၀)သိန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။
မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းသည် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိ ချိန်မှ ယနေ့အချိန်အထိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကျပ်သိန်း ၃၀၈၀ တန်ဖိုးရှိ မော်တော်ကား အစီး (၃၀)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ငွေကျပ်သိန်း ၃၀ဝ တန်ဖိုးရှိ Surgical Mask အခုရေ ငါးသောင်း လှူဒါန်းမှုများ အပါအဝင် မြန်မာ-တရုတ် ချစ်ကြည်ရေးဆေးရုံများဖြစ်သည့် နတ်မောက်ပြည်သူ့ဆေးရုံ၊ ဗဟန်းဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ၊ ရန်ကုန်မြို့နှင့် နေပြည်တော် မြို့တော်စည်ပင်သာယာရေး ကော်မတီများနှင့် အခြားလူမှုအဖွဲ့အစည်းများ စသည်တို့သို့ ကိုဗစ်ကာကွယ်ရေး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အာကာစိုး


