ရန်ကုန် ၄ ဇွန်
မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၌ အသုံးပြုသော ပိုးသတ်ကာကွယ်ဆေးဖျန်းစက် (Disinfection Channel) များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ယနေ့တွင် လှူဒါန်းခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဉီးစိုးလွင် တက်ရောက်လက်ခံခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ(၁)၌ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဉီးစိုးလွင်၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဉီး၊ တွဲဖက်အတွင်းရေးမှူး ဉီးသန်း၊ ကော်မတီဝင် ဉီးဝင်းမြင့်သန်း၊ ရုံးအဖွဲ့မှူး ဉီးဉာဏ်လင်းစိုးနှင့် ဥပဒေအကြံပေး ဉီးကျော်သက်လင်း၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ခင်လေးကိုယ်စား ဉီးအောင်စန်းမြင့်နှင့် ဉီးအေးမင်းတို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယမြို့တော်ဝန်က ကျေးဇူးတင်စကား ပြောကြားပြီး မြန်မာ- တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း ဥက္ကဋ္ဌကိုယ်စား အသင်း၏ဥပဒေအကြံပေး ဉီးအောင်စန်းမြင့်က အသင်းက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် လှူဒါန်းရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့တော်ဝန်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာ ဉီးအောင်စန်းမြင့်က လက်ခံရယူခဲ့သည်။
မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီရှိ ဝန်ထမ်းများနှင့် မြို့တော်ခန်းမသို့ ရုံးကိစ္စဖြင့် လာရောက်ကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်မှု ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ငွေကျပ် ၁၈ သိန်းခန့် တန်ဖိုးရှိ ပိုးသတ်ကာကွယ်ဆေးဖျန်းစက် (Disinfection Channel) နှစ်လုံးကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
အာကာစိုး


