ရန်ကုန်  ၁၃    ဇန်နဝါရီ

 

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ သဘာဝဓတာ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် CSR လုပ်ငန်းများဆိုင်ရာ အစီရင်ခံစာ မိတ်ဆက်ပွဲကို ယနေ့နံက်(၉)နာရီခွဲက ရန်ကုန်မြို့ Melia Hotel တွင်ကျင်းပသည်။

 

ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းပြောရေးဆိုခွင့်ရှိသူ SEAGP ဥက္ကဋ္ဌ Mr.Li Zilin က “ မြန်မာ-တရုတ် ရေနံနဲ့ သဘာဝပိုက်လိုင်း စီမံကိန်းကြီးဟာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး ဒီစီမံကိန်းမှာ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းတို့ပါဝင်ပါတယ်။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို တာဝန်ယူဆောင်ရွက်တဲ့ ကုမ္ပဏီကတော့ SEAGP ဖြစ်ပြီး အစုရှယ်ယာရှင် တွေကတော့ မြန်မာနိုင်ငံက MOGE၊ တရုတ်နိုင်ငံက CNPC၊ ကိုရီးယားနိုင်ငံက POSCO International ၊ KGSEAGP ၊ အိန္ဒိယက ONGC၊ GA  IL စတဲ့ ကုမ္ပဏီခြောက်ခုဖြစ်ပါတယ်။ ရေနံစိမ်းပိုက်လိုင်းကို တာဝန်ယူဆောင်ရွက်တဲ့ ကုမ္ပဏီကတော့ SEAOP ဖြစ်ပြီး အစုရှယ်ယာရှင်တွေကတော့ MOGE နဲ့ CNPC တို့ဖြစ်ပါတယ်”ဟု ပြောကြားသည်။

 

ဤစီမံကိန်းသည် The Equater Principles နှင့် World Bank Guidelines များကို လိုက်နာကျင့်သုံးလျှက် EI A လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပြီး ပိုက်လိုင်းလမ်းကြောင်းအား Ecologically Sensitive Area များနှင့် Cul tural Heritage Area များကို ရှောင်ရှား၍ ရေးဆွဲတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအချက်အလက်ကို EPC လုပ်ငန်းစာချုပ်တွင် ထည့်သွင်းရေးဆွဲထားပြီး ကျွမ်းကျင်သော သဘာဝပတ်ဝန်းကျင် ကြီးကြပ်-စီမံခန့်ခွဲရေးခန့်အပ်ခဲ့ပြီး ပိုက်လိုင်းစီမံကိန်းကြောင့် မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများ လျော့ကျစေရန် တာဝန်ယူဆောင်ရွက်ထားကြောင်း၊ ပိုက်လိုင်း လည်ပတ်မှုအပေါ်တွင်လည်း ချွတ်ယွင်းမှုမရှိစေရေး၊ ထိခိုက်မှုမရှိစေရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေးနှင့် မတော်တဆ ထိခိုက်မှုမရှိစေရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး QHSC စီမံခန့်ခွဲမှုဖြင့် ပိုက်လိုင်းတည် တံ့ပြည့်စုံမှုဆိုင်ရာ စီမံခန့်ခွဲရေးစနစ်ကို အဓိကကျင့်သုံး၍ SCADI နည်းပညာ အပါအဝင် ဒေတာပေါင်းစုခြင်း နည်းပညာကို အသုံးပြုကာပိုက်လိုင်းဆိုင်ရာ ဒေတာအချက်အလက်များကို တည်ဆောက်ဖြည့်ဆည်းခြင်းဖြင့် အရေးပေါ်တုန့်ပြန် ဆောင်ရွက်မှု စွမ်းရည်ကို မြင့်မားတိုးတက်စေခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရေနံနှင့် သဘာဝပိုက်လိုင်း စီမံကိန်းသည် CNPC ဆောက်လုပ်ရေး အင်ဂျင်နီယာအသင်းမှပေးအပ်သော ရေနံဆောက်လုပ်ရေး အရည်အသွေး ထူးချွန်ဆုတံဆိပ်ကိုရရှိထားကြောင်း ယနေ့မိတ်ဆက်ပွဲမှ သိရသည်။

 

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ Adin Director ဦးခရိန်နော်အောင်က “ ယခုလိုအရှေ့တောင်အာရှ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကနေ လူထုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ပေးနေခြင်းဟာ ခေတ်မီဖွံ့ဖြိုးသော စီးပွားရေးကို ဖြစ်ထွန်းနိုင်စေမယ့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရန်နဲ့ အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်မှုနဲ့အတူ ကျေးလက်နေပြည်သူတို့ရဲ့ လူမှုစီးပွားဘဝမြင့်မားစေဖို့ အထောက်အကူဖြစ်စေမယ်ဆိုရင်လည်း မမှားပါဘူး”ဟုပြောကြားသည်။

 

အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှစတင်ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့ကိုဖြတ်သန်း၍ ရှမ်းပြည်နယ်န မ့်ခမ်းမြို့နယ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆက်သွယ်ထားခြင်းဖြစ်သည်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စတင်လည်ပတ်ခဲ့ပြီး ပိုက်လိုင်းအရှည်မှာ (၇၃၉) ကီလိုမီတာဖြစ်သည်။ ရေနံစိမ်းပိုက်လိုင်းကို ၂၀၁၇ ခုနှစ် မေလတွင် လုပ်ငန်းများ စတင်ဆောင်ရွက်၍ ပိုက်လိုင်းအရှည်မှာ (၇၇၁) ကီလိုမီတာဖြစ်သည်။ အဆိုပါသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍတစ်ရပ်အနေဖြင့် ဖွင့်လှစ်ခဲ့ပြီး မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့၏ စီးပွားရေးစင်္ကြံအစိတ်အပိုင်းတစ်ခုဖြစ်ပေါ်မှုနှင့်အတူ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကြား အခြေခဲအဆောက်အအုံ တည်ဆောက်ခြင်းနှင့် နှစ်ဘက်အပြန်အလှန် ချိတ်ဆက်ခြင်းတို့အတွက် အရေးပါသော လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။

 

Report Release Conference on Corporate Social Responsibility of 2019 ဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၏ လူမှုရေးတာဝန်ယူမှုဆိုင်ရာ (CSRလုပ်ငန်းများ) အစီရင်ခံစာမိတ်ဆက်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Tan Shu Fu၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ Admin Director ဦးခရိန်နော်အောင်နှင့် တာဝန်ရှိသူများ၊ SEAGP၊ SEAOP နှင့် CNPC မှ တာဝန်ရှိသူများ၊ ကိုရီးယား POSCO International ဝန်ထမ်းဆက်ဆံရေး နှင့် PR ဌာနမှ တာဝန်ရှိသူများ၊ SINO-PIPELINE International Company CorporateCulture Department မှ Mr.Li Zhaoyu နှင့် တာဝန်ရှိသူများ၊ မြန်ာနိုင်ငံနှင့် တရုတ်နိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း Vice president နှင့် PR Director Mr. Li Wenbin နှင့် တာဝန်ရှိသူများ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။

သန်းထိုက်

ဓာတ်ပုံ - သန်းစိုး