ရန်ကုန် ဧပြီ ၅
မြန်မာ အနုပညာနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအသင်းကကြီးမှူး၍ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းနှင့်ပူးပေါင်းပြီး မြန်မာ-တရုတ် သံတမန် ဆက်ဆံရေးထူထောင်ခြင်း(၇၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသော မြန်မာ-တရုတ်ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး ဓာတ်ပုံပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာအနုပညာနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအသင်းနာယက ထပ်ဆင့် အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုးနှင့် မြန်မာနိုင်ငံ ဓာတ်ပုံအသင်းဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် မြန်မာ-တရုတ် ယဉ်ကျေးမှုပူးပေါင်း ဖလှယ်ရေးဓာတ်ပုံပြိုင်ပွဲတွင် ပထမဆုရ ဦးစောအောင် သိန်းထွန်း၊ ဒုတိယဆုရ ရွှေအင်းသား ခင်မောင်ဝင်း၊ တတိယဆုရ မာဇဒါအောင်မြင့်နှင့် နှစ်သိမ့်ဆုရရှိကြ သူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်။
ယင်းနောက် အသင်းမှတာဝန်ရှိသူများက မြန်မာ- တရုတ် နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် Belt & Road Development Myanmar Corporation မှ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် မြန်မာနိုင်ငံအတွင်း လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာအသင်းအဖွဲ့များ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီအုပ်စုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


