မူဆယ် မတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား (EV-Eelectric Vehicle)များကို ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်တင်သွင်းလာပြီး မြန်မာနိုင်ငံဘက်သို့ ဖြန့်ချိနေပြီဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။
အဆိုပါ လျှပ်စစ်ကားများကို တင်ပို့ဖြန့်ချိခြင်းသည် တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ စက်သုံးလောင်စာဆီ သုံးစွဲမှုလျှော့ချရေးအတွက် လျှပ်စစ်ကား(EV)များ တင်သွင်းမှု ပထဆုံးအကြိမ် ဖြစ်ကြောင်းလည်း သိရပြီး ဆက်လက်၍လည်း နှစ်နိုင်ငံကုန်သွယ်ရေးစီးဆင်းမှု ပိုမိုခိုင်မြဲလာမည်ဖြစ်သည်။ လက်ရှိတွင် မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ်၌ လျှပ်စစ်ကား(EV)များကို အစီးရေ(၄၀)ကျော် တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ စတင်တင်ပို့ထားရှိပြီး ကာလပေါက်ဈေး မြန်မာငွေ ကျပ် (၁၆၃)သိန်းကျော်ခန့်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား(EV)များ မြန်မာနိုင်ငံဘက်သို့ တင်ပို့ဖြန့်ချိခြင်းဖြင့် စက်သုံးလောင်စာဆီများ လျှော့ချသုံးစွဲနိုင်ပြီး လောင်စာဆီသုံးကားများထက် ပိုမို၍ ယာဉ်မတော်တဆမှုများ လျော့ကျနိုင်မည်ဖြစ်သည်။ ထို့အတူ မြန်မာပြည်သူများအနေဖြင့် အိမ်နီးချင်းနိုင်ငံများနည်းတူ လူနေမှုဘဝ အဆင့်အတန်း မြင့်မားလာမည်ဖြစ်သည်။ အဆိုပါ တင်ပို့ထားရှိသော လျှပ်စစ်ကား(EV)များကို မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ပြီး စမ်းသပ်မောင်းနှင်မည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)