ရန်ကုန် ၇ မေ
ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းသည် ယနေ့နံနက်ပိုင်းက ထွက်ခွာသွားရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ယင်းပြိုင်ပွဲတွင် အသင်းကိုးသင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု(က)တွင် မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တီမော၊ အုပ်စု(ခ)တွင် ထိုင်း၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် မေ ၁၀ ရက်တွင် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပြိုင်ပွဲကို မေ ၉ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဦးအေးမင်း၊ နည်းပြချုပ်- ဒေါ်မေသူထွန်း၊ နည်းစနစ်အကြံပေး- ဒေါ်စန်းစန်းသိန်း၊ လက်ထောက်နည်းပြ- ဒေါ်မာလာဝင်း၊ ဒေါ်မိုးမိုးဝါ၊ ဂိုးနည်းပြ- ဒေါ်မေခင်ယမင်း၊ ကစားသမားများအဖြစ် ဂိုးသမား- လူစီယာ၊ ရင်ရင်မိုးနိုင်၊ မေဦးခင်၊ နောက်တန်း- ဖြူဖွေး၊ မေရီဦး၊ ပိုင်ဖြိုးဆု၊ မိုးပြည့်ပြည့်မောင်၊ ခင်ဖုန်း၊ ဖြိုးဖြိုးဝေ၊ ဂျူးထက်ဝေ၊ ခင်ဌေးကြိုင်၊ အလယ်တန်း- ထူးသိဂီနိုင်၊ အေးထက်ထက်ပိုင်၊ စန္ဒာလင်း၊ နန်းချိုမွှေး၊ ဒေစီအောင်၊ သန်းသန်းစိုး၊ ဖျားမြမိုးမိုးအေး၊ ကြယ်စင်၊ ရှေ့တန်း- ဇင်မိုးပြည့်၊ ယုယနိုင်၊ ဆုမြတ်နိုးနှင့် ဝေနှင်းဖြိုးတို့ လိုက်ပါသွားသည်။
သတင်း- ညီမြတ်သော်တာ
ဓာတ်ပုံ- MFF