ရန်ကုန် ၁၆ မတ်


ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည့် မြန်မာ ယူ-၁၅ အသင်းသည် ကစားသမားသစ်များ အားဖြည့်ကာ ရက်ပိုင်းအတွင်း လေ့ကျင့်မှု စတင် ပြုလုပ်မည် ဖြစ်သည်။


မြန်မာ ယူ-၁၅ အမျိူးသားအသင်းသည် မန္တလေးမြို့၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော်လည်း မတ် ၆ ရက်မှ ၁၄ ရက်အထိ လူရွေးပွဲကျင်းပပြီးနောက် ကစားသမားသစ်များ အားဖြည့်ရန် စီစဉ်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၅ အသင်းတွင် ကစားသမားသစ် အားဖြည့်ရန်နှင့် အကယ်ဒမီများအတွက် လူရွေးချယ်ရန် အသင်းရှစ်သင်းပါဝင်သည့် လူရွေးပွဲကျင်းပခဲ့ပြီး အလားအလာရှိသည့် ကစားသမားများကို ပဏာမအဆင့် ရွေးချယ်ထားပြီး ဖြစ်သည်။ 


မြန်မာ ယူ-၁၅ အသင်းနည်းပြချုပ် ဂျပန်နိုင်ငံသား တာကူမူနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ကော်မတီအဖွဲ့သည် ကစားသမားများ၏ ခြေစွမ်းအား လေ့လာလျက်ရှိပြီး မြန်မာ ယူ-၁၅ အသင်းတွင် ကစားသမားသစ်အချို့ ရွေးချယ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်း ပဏာမ လူစာရင်းကို ရက်ပိုင်းအတွင်း ရွေးချယ်မည်ဖြစ်ပြီး ပဏာမကစားသမား ၃၀ ဝန်းကျင်ဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။ 


မြန်မာ ယူ-၁၅ အသင်းသည် ယခုနှစ်အတွင်း ကျင်းပမည့် အာဆီယံ ယူ-၁၅ ပြိုင်ပွဲနှင့် အာရှ ယူ-၁၆ ခြေစစ်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ပြီး ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ဧပြီတွင်ကျင်းပမည့် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်