mdn

ရန်ကုန် ၁၉ ဇူလိုင်

 

၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၅ အမျိုးသား အသင်းအတွက် ပြိုင်ပွဲမတိုင်မီ နိုင်ငံခြားသားနည်းပြသစ်တစ်ဦး ခန့်အပ်မည်ဖြစ်သည်။

 

 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၅ အမျိုးသားအသင်းအတွက် နယ်သာလန်နိုင်ငံသား နည်းပြတစ်ဦးခန့်အပ်ရန် စီစဉ်ခဲ့သော်လည်း နောက်ဆုံးအချိန်မှ ပျက်ပြယ်ခဲ့ခြင်းဖြစ်ပြီး ၎င်းနေရာတွင်အခြားတစ်ဦးခန့်အပ်နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ 


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယူ-၁၅ အသင်းအတွက် လျှောက်လွှာခေါ်ယူခဲ့သည့် နည်းပြ ၁၀၀ ကျော်မှ နောက်ဆုံးဆန်ခါတင် ရွေးချယ်ထားသော သုံးဦးအနက် ကျန်နှစ်ဦးကို ပြန်လည်စိစစ်ကာ ဂျာမနီနိုင်ငံသားနည်းပြနှင့် အကြိုသဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။ 


၎င်းသည် ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် အပြီးသတ်စာချုပ် ချုပ်ဆိုရန် ညိနှိုင်းမည်ဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်း ယှဉ်ပြိုင်မည့် အာဆီယံ ယူ-၁၅ ပြိုင်ပွဲကို ဇူလိုင် ၂၇ ရက်မှ ဩဂုတ် ၉ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ ခန့်အပ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။


မြန်မာ ယူ-၁၅ အသင်းသည် ယင်းပြိုင်ပွဲအတွက် ပဏာမကစားသမား ၃၅ ဦးဖြင့် လေ့ကျင့်ပြင်ဆင် လျက်ရှိပြီး နည်းပြချုပ်ခန့်အပ်နိုင်ခြင်းမရှိသေးသောကြောင့် ယခင်နည်းပြချုပ် ဂျပန်နိုင်ငံသား တာကူမာက ဆက်လက်ကိုင်တွယ်လေ့ကျင့်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် နည်းပြသစ်ခန့်အပ်ပြီးပါကလည်း တာကူမာကို နည်းပြအဖွဲ့တွင် ဆက်လက် တာဝန်ပေးရန် စီစဉ်ထားကြောင်း သိရသည်။


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်