၁၈ ဖေဖော်ဝါရီ
မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် မန္တလေးမြို့၌ ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။
အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲမှ မြန်မာအသင်းပါဝင်သော အုပ်စုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲကျင်းပမည့် မန္တလေးမြို့သို့ ကြိုတင်သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး နောက်ဆုံးပြင်ဆင်မှုအဖြစ် ဖေဖော်ဝါရီ ၂၃ ရက်တွင်မန္တလေးအကယ်ဒမီမှ လူငယ်အမျိုးသားအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် သြစတြေးလျခြေစမ်းခရီးစဉ် သွားရောက်ကစားခဲ့သည့် ကစားသမား ၂၃ ဦးဖြင့်ပင် ယှဉ်ပြိုင်ဖွယ်ရှိနေပြီး ရက်ပိုင်းအတွင်း မန္တလေးမြို့သို့ ထွက်ခွာမည်ဖြစ်သည်။
မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဖေဖော်ဝါရီ ၉ ရက်မှ ၁၇ ရက်အထိ သြစတြေးလျနိုင်ငံ၌ သွားရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲသုံးပွဲကစားခဲ့ရာ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၁၆ အသင်းသည် သြစတြေးလျ ယူ-၁၇အမျိုးသမီးလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း အတွေ့အကြုံကောင်းများ ရရှိခဲ့သည်။
မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ပါဝင်သည့်အနေအထားအရ ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေးရှိနေသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်