မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း သြစတြေးလျ ယူ-၁၇ အသင်းကို ပွဲပြီးခါနီးဂိုးဖြင့် ရှုံးနိမ့်

၁၇ ဖေဖော်ဝါရီ

 

၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သြစတြေးလျနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် ယနေ့ညနေပိုင်းက သြစတြေးလျ ယူ-၁၇ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

 

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် သြစတြေးလျ ယူ-၁၇ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားခြင်းဖြစ်ပြီး ပထမပွဲထက် ပိုကောင်းသည့် ခြေစွမ်းကို ပြသနိုင်ခဲ့သလို ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့်ဂိုးကြောင့်သာ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် အတောင့်တင်းဆုံးလူစာရင်းဖြင့် ပွဲထွက်ခဲ့ပြီး သြစတြေးလျအသင်းကို ရင်ဆိုင်ခဲ့သည်။ သြစတြေးလျ ယူ-၁၇ အသင်းသည် ပွဲအစ ၈ မိနစ်တွင် ဂိုးစတင်ရရှိခဲ့သော်လည်း မြန်မာအသင်းကို အသာမရခဲ့ဘဲ ဖိအားပေးခြင်းကို ခံခဲ့ရသည်။ ၅၂ မိနစ်တွင် မြန်မာအသင်း ချေပဂိုးပြန်ရခဲ့ပြီး အသင်းခေါင်းဆောင် မြတ်နိုးခင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး မြန်မာအသင်းသည် သရေရလဒ်ကို ထိန်းကစားနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ပေးလိုက်ရသည့်ဂိုးကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

 

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၉ ရက်မှ ၁၇ ရက်အထိ သြစတြေးလျနိုင်ငံ၌ လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲသုံးပွဲကစားခဲ့ရာ တစ်ပွဲနိုင် နှစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၁၆ အသင်းသည် သြစတြေးလျကလပ် ဘရစ္စဘိန်းရိုအာအသင်းကို ခြောက်ဂိုးပြတ်အနိုင်ရသော်လည်း သြစတြေးလျ ယူ-၁၇ အသင်းကို ပထမပွဲတွင် လေးဂိုးပြတ်၊ ဒုတိယပွဲတွင် နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

 

သတင်း-ရဲရင့်ရှိုင်း