ရန်ကုန် ၁၆ ဖေဖော်ဝါရီ

၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သြစတြေးလျနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းတွင် သြစတြေးလျ ယူ-၁၇ လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၅ ရက်က သြစတြေးလျ ယူ-၁၇ လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ပထမခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ လေးဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ယခုပွဲတွင် ရလဒ်ထက် ကစားသမားများ အတွေ့အကြုံရရေးကို ဦးစားပေးခဲ့ပြီး ခေါ်ဆောင်သွားသည့် ကစားသမား ၂၃ ဦးစလုံး အသုံးပြုခဲ့သည်။

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ပထမပိုင်းတွင် အမာခံကစားသမား အများစုဖြင့် ပွဲထွက်လာသောကြောင့် တစ်ဂိုးသာပေးခဲ့ရသည်။ ဒုတိယပိုင်းတွင် အရန်ကစားသမားများ လဲလှယ်ပြီးနောက်ပိုင်းတွင် သုံးဂိုးထိ ထပ်ပေးခဲ့ရခြင်း ဖြစ်သည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် သြစတြေးလျခရီးစဉ်တွင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားပြီး ပထမခြေစမ်းပွဲတွင် သြစတြေးလျကလပ် ဘရစ္စဘိန်းရိုအာ လူငယ်အသင်းကို ခြောက်ဂိုးပြတ် အနိုင်ရထားကာ သြစတြေးလျ ယူ-၁၇ အသင်းကို လေးဂိုးပြတ် ရှုံးနိမ့်ထားသည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၉ ရက်ကတည်းက သြစတြေးလျနိုင်ငံ၌ လေ့ကျင့်နေခြင်းဖြစ်ပြီး သြစတြေးလျ ယူ-၁၇ အသင်းနှင့် ဒုတိယပွဲကစားခြင်းဖြစ်သည်။

ရဲရင့်ရှိုင်း