ရန်ကုန်      ဧပြီ     ၁၆

မြန်မာ ယူ-၁၇ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းသည် ၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသမီး ပြိုင်ပွဲကျင်းပမည့် တရုတ်နိုင်ငံသို့ ကြိုတင်သွားရောက်မည်ဖြစ်သည်။

၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲကို မေ ၁ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တရုတ်နိုင်ငံသို့ တစ်ပတ်ကျော်ကြိုတင်သွားရောက်ကာ လေ့ကျင့်မှုပြုလုပ်မည်ဖြစ်ကာ ခြေစမ်းပွဲများလည်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းသည် လာမည့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ မြန်မာ ယူ-၁၇ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသူ ကူမီကိုက ကိုင်တွယ်နေပြီး အာရှဖလားခြေစစ်ပွဲ အောင်မြင်ပြီးကတည်းက နိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲသာကစားရသေးခြင်းဖြစ်သည်။ မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းသည် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတွင် မကာအို၊ အင်ဒိုနီးရှားတို့နှင့် တစ်အုပ်စု တည်းကျရောက်ခဲ့ပြီး နှစ်သင်းစလုံးအနိုင်ရကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၆  အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုမဲခွဲရာတွင် မြန်မာအသင်းသည် အုပ်စု (A) တွင် တရုတ်၊ ထိုင်း၊ ဗီယက်နမ်အသင်းတို့နှင့် ကျရောက်နေပြီး အုပ်စုပွဲများအဖြစ် မေ ၁ ရက်တွင် တရုတ်အသင်း၊ မေ ၄ ရက်တွင် ထိုင်းအသင်း၊ မေ ၇ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့်ကစားရမည်ဖြစ်သည်။    

သတင်း-ကိုညီလေး

ဓာတ်ပုံ-MFF