ရန်ကုန်   ဧပြီ   ၂၀

၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲကျင်းပမည့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ ယူ-၁၇ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းသည် ပြိုင်ပွဲမတိုင်မီ ဖိလစ်ပိုင် ယူ-၁၇  အသင်း အပါအဝင် ဒေသခံအမျိုးသမီးလူငယ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းသည် ဧပြီ ၁၉ ရက်မှစ၍ တရုတ်နိုင်ငံ Suzhou မြို့၌ လေ့ကျင့်လျက်ရှိပြီး ပြိုင်ပွဲမတိုင်မီ ၁၀ ရက်ကျော် ကြိုတင်လာရောက်ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းသည် ယင်းကာလအတွင်း ဖိလစ်ပိုင် ယူ-၁၇ အမျိုးသမီးအသင်း အပါအဝင်  ဒေသခံအမျိုးသမီးလူငယ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနည်းပြချုပ် ကူမီကိုသည် ယင်းပြိုင်ပွဲအတွက် ကစားသမား ၂၃ ဦး ရွေးချယ် သွားပြီး ဂိုးသမား-ဆောင်းပွင့်ဖြူ၊ အေးဝသန်တိုး၊ ကျော့ကေခိုင်၊ နောက်တန်း-သဲအိလှိုင်၊ ချစ်ပွင့်အောင်၊ ပင်မြင့်ယံ၊ စန်းစန်းထွေး၊ ခင်မြတ်ဘုန်းထွဋ်၊ ပြည့်ပိုင်မှူးအိမ်၊ သော်တာနှင်း၊ အလယ်တန်း-မြတ်မိုးဆန်း၊ ဝင်းရူပါ၊ မင်ထုန်မေဇီတာ၊ ဆောင်းသဇင်ဦး၊ ရီရီဖြိုး၊ နှင်းဝင့်ဝါကျော်၊ အယ်အယ်ဆိုင်းလွှာနန်း၊ မေသင်ဇာ၊ ဟန်နီဖူးဝေ၊ နန်းခိုင်ဇင်မြင့်၊ သက်သက်ဝေ၊ အင်ကြင်းမေ၊ ရှေ့တန်း-ရှင်းသန့်ဖြူစင်ပြုံးတို့ ပါဝင်သည်။

၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲကို မေ ၁ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင် တရုတ်၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ မြန်မာအသင်းသည် မေ ၁ ရက်တွင် အိမ်ရှင် တရုတ်အသင်း၊ မေ ၄ ရက်တွင် ထိုင်းအသင်း၊ မေ ၇ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။               

သတင်း-ကိုညီလေး

ဓာတ်ပုံ-MFF