မြန်မာ ယူ-၁၈ အသင်း အာဆီယံပြိုင်ပွဲအတွက် ကစားသမား ၂၈ ဦး လေ့ကျင့်ပြင်ဆင်

၁ ဇူလိုင်

 

မြန်မာ ယူ-၁၈ အသင်းသည် သြဂုတ်တွင် ယှဉ်ပြိုင်ရမည့် အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် ကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ မြန်မာ ယူ-၁၈ အသင်းသည် မေလလယ်မှစ၍ ပြန်လည်လေ့ကျင့်လျက်ရှိပြီး ကစားသမားများအပြောင်းအလဲပြုလုပ်ကာ ပြင်ဆင်နေခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၈ အသင်းသည် ဇန်နဝါရီတွင် နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပြီး ဦးစိုးမြတ်မင်းက တာဝန်ယူကာ ဆက်တိုက်လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် နှစ်ဆန်းပိုင်းတွင် ပြည်တွင်းပြိုင်ပွဲဖြစ်သည့် ၂၀၁၉ ရာသီ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများဖြစ်သည့် မတ်လတွင် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ၊ ဧပြီလတွင် ဟောင်ကောင် ယူ-၁၈ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ရာ ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရက်ပိုင်း ရပ်နားခဲ့ပြီး မေ ၁၆ ရက်တွင် ကစားသမား၂၅ ဦးဖြင့် လေ့ကျင့်ပြင်ဆင်ခဲ့ပြီး ဇွန်လတွင် ကစားသမားသုံးဦး အားဖြည့်ခဲ့ခြင်းဖြစ်သည်။  မြန်မာ ယူ-၁၈ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းသည် စောထောနေမူး၊ မိုးဆွေနှင့် ကောင်းဇင်မိုးတို့သုံးဦးကို အားဖြည့်ရွေးချယ်ထားသည်။ မြန်မာ ယူ-၁၈ အသင်းသည် လက်ရှိတွင် MFF Youth အသင်းအမည်ဖြင့် ၂၀၁၉ ရာသီ MNL ယူ-၂၁ ပြိုင်ပွဲ ဒုတိယအကျော့တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသလို ဇူလိုင်တတိယပတ်တွင် ပြည်ပလေ့ကျင့်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကာ ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၉ အာဆီယံ ယူ-၁၈ပြိုင်ပွဲကို သြဂုတ် ၅ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နှင့် ကျရောက်နေကာ အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် သြစတြေးလျအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများကို တစ်ရက်ခြားငါးပွဲ ကစားရမည်ဖြစ်သောကြောင့် ကစားသမားအားလုံး ပွဲထွက်ကစားနိုင်ရန်နှင့် ခြေစွမ်းတူညီနေစေရန် ပြင်ဆင်လျက်ရှိပြီး နေရာတစ်ခုလျှင် ကစားသမားနှစ်ဦးရှိရန် ဆောင်ရွက်နေကြောင်း သိရသည်။

 

၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၈ အသင်းတွင် နည်းပြချုပ် ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုးသမား-ပြည့်ဖြိုးသူ၊ နေလင်းထက်၊ စောထက်၊ နောက်တန်း-ညဏ်လင်းထက်၊ ဝေယံစိုး၊ သက်ဟိန်းစိုး၊ မျိုးကိုကိုလင်း၊ စောထောနေမူး၊ စည်သူမိုးခန့်၊ ရှင်းသန့်အောင်၊ ကောင်းခန့်ကျော် (၁)၊ ရဲထက်အောင်၊ အလယ်တန်း-ရန်ကျော်စိုး၊ နောင်နောင်စိုး၊ ရန်နိုင်လင်း၊ ဇော်ဝင်းသိန်း၊ ရဲမင်းကျော်၊ လမင်းထွေး၊ သြဘာခ၊ မိုးဆွေ၊ အောင်ကိုဦး၊ သူရအောင်၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ ရှေ့တန်း-စောကျော်အဲ၊ ညီညီ၊ ကောင်းခန့်ကျော် (၂)နှင့်ကောင်းဇင်မိုးတို့ ပါဝင်နေသည်။ 

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်