ရန်ကုန် ၂၁ မတ်
မြန်မာ ယူ-၁၈ အသင်းသည် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ယနေ့မွန်းလွဲပိုင်းက ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ခဲ့သည်။
မြန်မာ ယူ-၁၈ အသင်းတွင် အုပ်ချုပ်သူ ဦးရဲဝင်းအောင်၊ နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ - ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ၊ နောက်တန်း- ရဲထက်အောင်၊ စည်သူမိုးခန့်၊ သော်ဇင်ထက်၊ ဉာဏ်လင်းထက်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ ကိုကို၊ အလယ်တန်း-ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ပြည့်ဖြိုးအောင်၊ ရန်နိုင်လင်း၊ နောင်နောင်စိုး၊ သူရအောင်၊ ရှေ့တန်း-စောကျော်အဲ၊ ညီညီ၊ လမင်းထွေး၊ သြဘာခ၊ တို့လိုက်ပါသွားသည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်း အပါအဝင် အာရှအင်အားကြီး တရုတ်၊ အာဆီယံအသင်းများဖြစ်သည့် ထိုင်းနှင့် မြန်မာအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် မတ် ၂၃ ရက်တွင် ဗီယက်နမ်အသင်း၊ မတ် ၂၅ ရက်တွင် တရုတ်အသင်း၊ မတ် ၂၇ ရက်တွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံး နှစ်သင်းမှာ ဗိုလ်လုပွဲ၊ အဆင့် ၃/၄ နေရာရအသင်းမှာ တတိယလုပွဲ ကစားရမည်ဖြစ်သည်။ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို မတ် ၃၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။
မြန်မာ ယူ-၁၈ အသင်းသည် ယခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် အဓိကနိုင်ငံတကာ ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှု ဖြစ်စေရန် ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-MFF