၂၂ ဧပြီ
ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စု နောက်ဆုံးနေ့ကို ယနေ့နံနက်ပိုင်းက ဟောင်ကောင်၌ ဆက်လက်ကျင်းပရာ မြန်မာ ယူ-၁၈ အသင်းက စင်ကာပူ ယူ-၁၈အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည်။
တစ်ချိန်တည်းကစားသည့်ပွဲတွင် ဗီယက်နမ်အသင်း သရေကျခဲ့သောကြောင့် မြန်မာအသင်းသည် စင်ကာပူ အသင်းကို အနိုင်ရရုံဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ နှစ်ပွဲဆက်ရှုံးထားသည့် စင်ကာပူအသင်း၏ ရုန်းကန်မှုကြောင့် မြန်မာအသင်းသည် နိုင်ပွဲရရန် အားကုန်ထုတ်ခဲ့ရသော်လည်း ဒုတိယပိုင်းတွင် သွင်းယူသည့်ဂိုးဖြင့် အမှတ်ပြည့် ရခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းအတွက် ဂိုးများကို မိနစ် ၄၀ တွင် ဝေယံစိုးနှင့် ၆၂ မိနစ်တွင် ပြည့်ဖြိုးအောင်တို့က သွင်းယူခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် မတ်လက ယှဉ်ပြိုင်သည့် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ရလဒ် မကောင်းခဲ့သော်လည်း ယခုပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၁၈ အသင်းသည် ၁၉ နှစ်အသင်းများယှဉ်ပြိုင်သည့် ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ရလဒ်ကောင်း ရယူနိုင်ခြင်းမရှိသော်လည်း အသက်တူခြင်းယှဉ်ပြိုင်သည့် ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲတွင် အောင်မြင်မှုရယူ နိုင်ခဲ့သည်။
အုပ်စုပတ်လည်ပွဲစဉ်များအပြီးတွင် မြန်မာအသင်းကနှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ခုနစ်မှတ်ဖြင့် ချန်ပီယံဖြစ်ခဲ့ပြီး ဗီယက်နမ်အသင်းက တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ ငါးမှတ်ဖြင့် ဒုတိယ၊ ဟောင်ကောင်အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲရှုံး လေးမှတ်ဖြင့် တတိယရရှိခဲ့သည်။ စင်ကာပူအသင်းမှာမူ သုံးပွဲစလုံးရှုံးကာ အုပ်စုအောက်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြင့်ပွဲဆက်လက်ကျင်းပပြီး မြန်မာကွင်းလယ်ကစားသမား ဇော်ဝင်းသိန်းမှာ ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည်။ ဟောင်ကောင် ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲအစား ခြေစမ်းပွဲအဖြစ် ပြောင်းလဲ ကျင်းပသည့် နောက်ဆုံးနေ့တွင် မြန်မာ ယူ-၁၅ အသင်းသည် စင်ကာပူ ယူ-၁၅ အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF