ရန်ကုန်  ၁၁  ဇွန်

ယခုနှစ်အတွင်း ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲများအပြင် ပြည်တွင်းပြိုင်ပွဲဖြစ်သော MNL-2(ပထမတန်း) အမှတ်ပေး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသော မြန်မာ ယူ-၁၉ (ခ) Junior Lions အသင်းသည် အသင်းလိုက် လေ့ကျင့်မှု ပြုလုပ်နိုင်ခြင်း မရှိသေးသောကြောင့် တစ်ဦးချင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

 

မြန်မာ ယူ-၁၉ အသင်းသည် စခန်းဝင်လေ့ကျင့်မှု ရပ်နားကတည်းက နေအိမ်၌ တစ်ဦးချင်းလေ့ကျင့်မှုပြုလုပ်ရန် လေ့ကျင့်ခန်း အစီအစဉ်များပေးပို့ထားပြီး ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ နည်းပြအဖွဲ့က တာဝန်ယူကာ အွန်လိုင်းမှ တစ်ဆင့် အချိန်ဖြင့် လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အသင်းတွင် ရွေးချယ်ခံထားရသည့် ကစားသမားများကို နည်းပြချုပ် ဦးစိုးမြတ်မင်းနှင့် နည်းပြ အဖွဲ့ဝင်များက အွန်လိုင်းမှတစ်ဆင့် လေ့ကျင့်မှုများ ပြုလုပ်ပေးနေခြင်း ဖြစ်သည်။


မြန်မာ ယူ-၁၉ အသင်းအုပ်ချုပ်/နည်းပြအဖွဲ့သည် ကစားသမားများ ကာလရှည်လေ့ကျင့်မှု မပြတ်စေရန် ယင်းကဲ့သို့ ပြုလုပ်ပေးနေခြင်း ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်းကျင်းပမည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲအပါအဝင် အခြားနိုင်ငံတကာ ပြိုင်ပွဲများအတွက် ပြင်ဆင်လျက်ရှိပြီး ရေရှည်အတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အသင်းသည် Junior Lions အမည်ဖြင့် ယှဉ်ပြိုင်နေသည့် MNL-2 ပြိုင်ပွဲ ပထမအကျော့အပြီးတွင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရောဂါပျောက်ကင်းသွားပါက ဒုတိယအကျော့ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ