ရန်ကုန်     ဇူလိုင်     ၇

၂၀၂၇ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၂၀ အသင်းနှင့် ဟောင်ကောင် ယူ-၂၀ အသင်းတို့၏ ခြေစမ်းပွဲ ဒုတိယပွဲကို ဇူလိုင် ၇ ရက်က သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာ ယူ-၂၀ အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

မြန်မာ ယူ-၂၀ အသင်းသည် ဟောင်ကောင် ယူ-၂၀ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲစလုံး  ရလဒ်ကောင်းခဲ့ပြီး နှစ်ပွဲစလုံး အနိုင်ရခဲ့သည်။  ဂျပန်နည်းပြ  ယူဂျီ ကိုင်တွယ်နေသည့် မြန်မာ ယူ-၂၀ အသင်းသည်  အာရှဖလား ယူ-၂၀  ခြေစစ်ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုတစ်ခု ဖြစ်လာနိုင်သည့် ဟောင်ကောင်အသင်းနှင့် ခြေစမ်းပွဲတွင် ပရိသတ်ကျေနပ်စေမည့် ရလဒ်ကောင်းများ ရယူပေးနိုင်ခဲ့သည်။

မြန်မာ ယူ-၂၀ အသင်းသည် ပွဲထွက် လူစာရင်းကို  အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ဟောင်ကောင်အသင်းကို ရင်ဆိုင်ခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက ဟောင်ကောင်အသင်းဘက်သို့ ဖိကစားနိုင်ခဲ့ပြီး ဂိုးရနိုင်သည့်အခွင့်အရေးများရခဲ့သော်လည်း အသုံးမချနိုင်သဖြင့် ပထမပိုင်းအပြီး တွင် ဂိုးမရှိ သရေကျနေသည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက အနိုင်ဂိုးရရန် တိုက်စစ်အားပြု ကစားလာပြီး ၄၆ မိနစ်တွင် သူရမင်းသန့်က အဖွင့်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းက ဆက်တိုက်ဖိကစားလာပြီး ၆၄ မိနစ်တွင် ဇော်လင်းအောင်က ဒုတိယအနိုင်ဂိုး သွင်းယူသည်။

မြန်မာ ယူ-၂၀ အသင်းနှင့် ဟောင်ကောင် ယူ-၂၀ အသင်းတို့သည် ဇူလိုင် ၄ ရက်က ပထမခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ မြန်မာ ယူ-၂၀ အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MFF