ရန်ကုန်   ဇူလိုင်   ၅

မြန်မာ ယူ-၂၂ အမျိုးသားဘောလုံးအသင်းသည် ယခုနှစ်အတွင်းကျင်းပမည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲနှင့် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ ကျင်းပမည့်ရက်အပေါ်မူတည်၍ လေ့ကျင့်ပြင်ဆင် သွားမည်ဖြစ်သည်။

အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို အောက်တိုဘာ နောက်ဆုံးပတ်၊ ဆီးဂိမ်းပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး ကပ်ရောဂါအခြေအနေကြောင့် ကျင်းပမည့်ရက်များ ထုတ်ပြန်မည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပမည့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု မဲခွဲပွဲကို ဇူလိုင် ၉ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းနေ့မှသာ ခြေစစ်ပွဲကျင်းပမည့်ရက် အတည်ပြု ဖွယ်ရှိနေသည်။

ထို့ပြင် ဆီးဂိမ်းပြိုင်ပွဲ အိမ်ရှင် ဗီယက်နမ်နိုင်ငံကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လာမည့် နှစ်သို့ ရွှေ့ဆိုင်းရန် စီစဉ်နေပြီး ဇူလိုင် ၈ ရက်တွင် အတည်ပြုထုတ်ပြန်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂အသင်း အနေဖြင့် ယင်းပြိုင်ပွဲနှစ်ခု ကျင်းပမည့်ရက်များ ထုတ်ပြန်ပြီးမှသာ စခန်းသွင်းလေ့ကျင့်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်ကို ဆက်လက်တာဝန်ပေးထားသည်။ ပိုပေါ့ဗ်သည် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် ၂၀၁၉ နှစ်ဆန်းပိုင်းတွင် စတင်ကိုင်တွယ်ခွင့်ရခဲ့ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတွင် သက်တမ်းထပ်မံ တိုးမြှင့် ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် ၂၀၁၄ ပြိုင်ပွဲတစ်ကြိမ်သာ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ၂၀၁၆၊ ၂၀၁၈၊ ၂၀၂၀ နောက်ဆုံးသုံးကြိမ်ဆက်တိုက် ခြေစစ်ပွဲအောင်မြင် ခဲ့ခြင်းမရှိ ကြောင်း သိရသည်။

သတင်း- ကိုညီလေး၊ ဓာတ်ပုံ- MFF