၂၄ ဇွန် 

မြန်မာ ယူ-၂၂ အသင်းသည် အကြိမ် (၃၀) မြောက်  ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် သြဂုတ်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန် ရည်ရွယ်၍ ကြိုတင်လေ့ကျင့်ပြင်ဆင်ခြင်းဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း အဓိကနိုင်ငံတကာပြိုင်ပွဲသုံးခု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နှစ်ဆန်းပိုင်းက ယှဉ်ပြိုင်သည့်ပြိုင်ပွဲများတွင် ထိုက်သင့်သည့်အောင်မြင်မှုမရသောကြောင့် ယခုပြိုင်ပွဲမှာ ပိုမိုအရေးပါနေခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဖေဖော်ဝါရီ၌ ယှဉ်ပြိုင်သည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသလို မတ်လတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲတွင်လည်း ခြေစစ်ပွဲမအောင်မြင်ခဲ့ပေ။ မြန်မာ ယူ-၂၂ အသင်းသည် အာရှခြေစစ်ပွဲပြီးကတည်းက လေ့ကျင့်မှုရပ်နားခဲ့ပြီး မေနောက်ဆုံးပတ်တွင် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစားရန် ကာလတိုလေ့ကျင့်ပြင်ဆင်ခဲ့သော်လည်း ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားကာ သြဂုတ်တွင် ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအထိ တောက်လျှောက်လေ့ကျင့်သွားမည်ဖြစ်ပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ စက်တင်ဘာလလယ်မှ ပြီးဆုံးမည်ဖြစ်သောကြောင့် ကစားသမားများကို ပြိုင်ပွဲအပြီးထိ ကစားခွင့်ပြုမည်ဖြစ်ကာလိဂ်ပြိုင်ပွဲပြီးဆုံးမှ ဆက်တိုက်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် စက်တင်ဘာလဆန်းတွင် နိုင်ငံတကာခြေစမ်းပွဲ ကစားရန် စီစဉ်ထားပြီး အောက်တိုဘာတွင် ပြည်ပလေ့ကျင့်ရေး ခရီးစဉ်သွားရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နည်းပြချုပ် ပိုပေါ့ဗ်တင်ပြထားသည့် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ပြင်ဆင်လိုသည့်အစီအစဉ်များကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံတကာခြေစမ်းပွဲများ ဆက်တိုက်ကစားနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ ၁၀ ပွဲဝန်းကျင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အာရှထိပ်သီးနိုင်ငံများသို့ သွားရောက်လေ့ကျင့်နိုင်ရန်လည်းကြိုးပမ်းလျက်ရှိသည်။ မြန်မာအမျိုးသားအသင်းသည် ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်နိုင်သော်လည်း ဆုတံဆိပ်နှင့် လွဲချော်ခဲ့သောကြောင့် ယခုပြိုင်ပွဲတွင် ဆုတံဆိပ်ရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်