၁၆ အောက်တိုဘာ

 

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ကာတာနိုင်ငံ ဒိုဟာမြို့၌ တစ်ပတ်ကျော် သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် ခြေစမ်းပွဲကစားများ အတည်ပြုနိုင်ခဲ့ပြီး လူငယ်လက်ရွေးစင် အသင်းနှင့်နှစ်ပွဲ၊ ကလပ်အသင်းနှင့်တစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ခြေစမ်းပွဲများအဖြစ် အောက်တိုဘာ ၂၅ ရက်တွင် နီပေါ ယူ-၂၂ အသင်း၊ အောက်တိုဘာ ၂၈ ရက်တွင် ကာတာကလပ် အယ်လ်အိုဝေနာအသင်း၊ အောက်တိုဘာ ၃၁ ရက်တွင် ကာဂျစ္စတန် ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ကာတာနိုင်ငံတွင် ခြေစမ်းပွဲများကစားရန် အောက်တိုဘာ ၂၁ ရက်တွင် ထွက်ခွာမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ယခုနှစ်လယ်ပိုင်းကတည်းက လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး လက်ရှိတွင် အသက်ကျော် ကစားသမားများ အပါအဝင် ကစားသမား ၃၄ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။

 

အသက် ၂၂ နှစ်အထက် ကစားသမား ငါးဦးမှာမူ အသင်းနှင့် ပူးပေါင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ မြန်မာ ယူ-၂၂ အသင်းသည် မေလနောက်ဆုံးပတ်ကတည်းက နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ပြီး ခြေစမ်းပွဲ လေးပွဲ ကစားထားပြီးဖြစ်ကာ ဆီးဂိမ်းပြိုင်ပွဲမတိုင်မီအထိ နိုင်ငံတကာပွဲ ၁၀ ပွဲအထိ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

mdn

 

မြန်မာ ယူ-၂၂ အသင်းသည် တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်း၊ ဗီယက်နမ် ယူ-၂၂ အသင်း၊ ထိုင်းကလပ် အသင်းများဖြစ်သော ချင်းရိုင်ယူနိုက်တက်အသင်း၊ ချင်းမိုင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားထားသည်။

 

မြန်မာ ယူ-၂၂ အသင်းတွင် ဂိုး-ဆန်းဆက်နိုင် (ရန်ကုန်)၊  စိုးအာကာ (မကွေး)၊ ထွန်းနန္ဒာဦး (မြဝတီ)၊ ဇင်ညီညီအောင် (အား/ကာသိပ္ပံ)၊ နောက်တန်း- ဇင်ရဲနောင် (အား/ကာသိပ္ပံ)၊ ရဲမင်းသူ (ရှမ်း)၊ အောင်ဝဏ္ဏစိုး၊ ကျော်ဖြိုးအောင် (ဇွဲကပင်)၊ ရဲရင့်အောင် (ရတနာပုံ)၊ စိုးမိုးကျော်(ဧရာဝတီ)၊ သူရိန်စိုး(ရန်ကုန်)၊ ဝင်းမိုးကျော်၊ ကျော်သူထွန်း(မကွေး)၊ ဇော်မင်းထွန်း (ချောင်ဘူရီ)၊ အလယ်တန်း- နေမိုးနိုင်၊ စိုးလွင်လွင်၊ ဇင်မင်းထွန်း၊ ဇေယျာနိုင်(မကွေး)၊ လွင်မိုးအောင်(ဧရာဝတီ)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း၊ ပြည့်စုံနိုင်၊ လှိုင်းဘိုဘို၊ စည်သူအောင် (ရတနာပုံ)၊ ကောင်းထက်စိုး (ရန်ကုန်)၊ ကျော်မျိုးနိုင် (အား/ကာသိပ္ပံ)၊ ထက်လင်းလင်း၊ ဟိန်းထက်အောင်(ဟံသာဝတီ)၊ ရှေ့တန်း- အောင်သူ(မြောင်တောင်)၊ ကျော်ကိုကို (ဆာမတ်ပရာခန်)၊ ထက်ဖြိုးဝေ (ရှမ်း)၊ အောင်ကောင်းမာန် (ဧရာဝတီ)၊ ဝင်းနိုင်ထွန်း (ရတနာပုံ)နှင့် သန့်ဇင်မြင့် (အား/ကာသိပ္ပံ) တို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်