၈ ဖေဖော်ဝါရီ

၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ကစားသမားများအပြောင်းအလဲပြုလုပ်ခဲ့ပြီး ဒဏ်ရာရကစားသမားတစ်ဦးကို ပြန်လည်စေလွှတ်ကာ သုံးဦးအားဖြည့်ခဲ့သည်။ ထို့ကြောင့် မြန်မာ ယူ-၂၂ အသင်း၏ ပဏာမလူစာရင်းမှာ ၃၀ အထိရှိလာပြီး ဧရာဝတီအသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားသည်။

မြန်မာ ယူ-၂၂ အသင်းတွင် ဒဏ်ရာရနေသည့် တိုက်စစ်မှူး ဇင်မင်းထွန်း (မကွေး) အား ပြန်လည်စေလွှတ်ခဲ့ပြီး မကွေးအသင်းတောင်ပံကစားသမား စိုးလွင်လွင်နှင့် Southern တိုက်စစ်မှူး ချမ်းငြိမ်းတို့ကို ခေါ်ယူအားဖြည့်ခဲ့သည်။ ထို့ပြင် နည်းပြချုပ် ပိုပေါ့ဗ်သည် ခံစစ်ပိုင်းအားဖြည့်သည့်အနေဖြင့် ရှမ်းယူနိုက်တက်လူငယ်အသင်း နောက်ခံလူ ဇွဲထက်မင်းကိုလည်း ထပ်မံအားဖြည့်ခဲ့သည်။

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် အပြီးသတ်ကစားသမားများ ရွေးချယ်ရန် ကစားသမားများ၏ ခြေစွမ်းအား စောင့်ကြည့်လျက်ရှိပြီး ခြေစမ်းပွဲကစားပြီးပါက လျှော့ချမည်ဖြစ်သည်။ ပိုပေါ့ဗ်သည် ယင်းပြိုင်ပွဲအတွက် ပြင်ဆင်ချိန် တစ်ပတ်ကျော်သာရမည်ဖြစ်သော်လည်း ကစားသမားအများစုမှာ ၂၀၁၈ ခုနှစ်ကတည်းက လက်တွဲလာသူများဖြစ်သောကြောင့် အသင်းတည်ဆောက်ရာတွင် လွယ်ကူနိုင်မည်ဖြစ်သည်။ 

မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲယှဉ်ပြိုင်ရန် ဖေဖော်ဝါရီ ၁၅ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲအဖြစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီအသင်းနှင့် YUSC ကွင်း၌ ခြေစမ်းကစားမည်ဖြစ်သည်။

ညီမြတ်သော်တာ