မြန်မာ ယူ-၂၂ အသင်းနှင့် ဗီယက်နမ် ယူ-၂၂ အသင်း ဇွန် ၇ ရက်တွင် ခြေစမ်းမည်

၃၁  မတ်

 

အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းနှင့် ဗီယက်နမ် ယူ-၂၂ အသင်းသည် ဇွန် ၇ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်တို့၏ ညှိနှိုင်းမှုအရ ဇွန် ၇ ရက်တွင် ကစားရန် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ကျင်းပမည့်ကွင်းကို ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ထပ်မံအတည်ပြုမည်ဖြစ်သည်။ မြန်မာယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် နှစ်လယ်ပိုင်းကတည်းက စတင်ပြင်ဆင်မည်ဖြစ်ပြီး အောင်မြင်မှုရရန် အချိန်ယူပြင်ဆင်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်ဆန်းပိုင်းတွင် ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုမရခဲ့သောကြောင့် ယခုနှစ်၏ နောက်ဆုံးပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်းအတွက် ခြေစမ်းပွဲများကစားရန် အသင်းများဖိတ်ကြားလျက်ရှိပြီး ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲမတိုင်မီ မေလနောက်ဆုံးပတ်၌ တောင်ကိုရီးယားတက္ကသိုလ် ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် လက်ရှိနည်းပြ ပိုပေါ့ဗ်ကိုသာ ဆက်လက်တာဝန်ပေးဖွယ်ရှိနေပြီး နည်းစနစ်ကော်မတီက ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာ ယူ-၂၂ အသင်းသည် ဖေဖော်ဝါရီက ယှဉ်ပြိုင်ခဲ့သည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး မတ်နောက်ဆုံးပတ်က ယှဉ်ပြိုင်ခဲ့သည့် အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိပေ။

 

မြန်မာအသင်းနှင့် ခြေစမ်းမည့် ဗီယက်နမ် ယူ-၂၂ အသင်းသည် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲအောင်မြင်ထားသည့် အသင်းဖြစ်ပြီး လက်ရှိအာဆီယံဘောလုံးလောကတွင် ထိပ်တန်းရောက်လာသည့် အသင်းဖြစ်သောကြောင့် မြန်မာအသင်းအတွက် အကျိုးရှိမည့်ခြေစမ်းပွဲလည်း ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်