မြန်မာ ယူ-၂၂ အသင်းနှင့် ပိုဟန်စတီးလားစ်အသင်းတို့ မေ ၃၀ ရက်တွင် ခြေစမ်းကစားမည်

ရန်ကုန် ၂၉ မေ

အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းနှင့် တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းတို့၏ ခြေစမ်းပွဲကို မေ ၃၀ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ပြီး ယင်းခြေစမ်းပွဲမတိုင်မီ ပိုဟန်စတီးလားစ်အသင်းနှင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ ပိုဟန်စတီးလားစ် အသင်းသည် Myanmar Posco ၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံ၌ ခြေစမ်းပွဲများ လာရောက်ကစားခြင်းဖြစ်ပြီး K-League ပြိုင်ပွဲကြောင့် လူစုံပါဝင်လာခြင်းမရှိသော်လည်း ပါဝင်လာသည့် ကစားသမားများ၏ ခြေစွမ်းအရ မြန်မာအသင်းများအတွက် အကျိုးရှိသည့်ခြေစမ်းပွဲဖြစ်လာ မည်ဖြစ်သည်။

ပိုဟန်စတီးလားစ်အသင်းသည် မေ ၂၈ ရက်က ပထမခြေစမ်းပွဲအဖြစ် မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီအသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းကို ကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းထားသော်လည်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယ အကျော့ကစားမည့် ကလပ်အသင်းများမှ ကစားသမားများပါဝင်နိုင်မည်မဟုတ်ဘဲ ကျန်ရှိသည့် ကစားသမားများကို ယူ-၁၈ အသင်းမှ ကစားသမားများနှင့် ပေါင်းစပ်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ပိုပေါ့ဗ်က တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။ 

မြန်မာ ယူ-၂၂ အသင်းတွင် ဂိုးသမား-ဆန်းဆက်နိုင် (ရန်ကုန်)၊ ဘုန်းသစ္စာမင်း (ရှမ်းယူနိုက်တက်)၊ စိုးအာကာ (မကွေး)၊ နောက်တန်း- ဝင်းမိုးကျော်၊ ကျော်သူထွန်း (မကွေး)၊ ရဲရင့်အောင် (ရတနာပုံ)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ ဇွဲထက်မင်း (ရှမ်းယူနိုက်တက်)၊ သူရိန်စိုး(ရန်ကုန်)၊ ဇင်ရဲနောင် (အား/ကာသိပ္ပံ)၊ အလယ်တန်း-လွင်မိုးအောင်၊ နန်းထိုက်ဇော် (ဧရာဝတီ)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း (ရတနာပုံ)၊ ကျော်မျိုးနိုင် (အား/ကာသိပ္ပံ)၊ ကောင်းထက်စိုး(ရန်ကုန်)၊ စိုးလွင်လွင်၊ နေမိုးနိုင်၊ ဇင်မင်းထွန်း (မကွေး)၊ မျိုးမင်းဖြိုး (စစ်ကိုင်း)၊ ရှေ့တန်း- ဟိန်းထက်အောင် (ဟံသာဝတီ)၊ ဝင်းနိုင်ထွန်း (ရတနာပုံ)၊ ထက်ဖြိုးဝေ၊ စအောင်ပြည့်ကို (ရှမ်းယူနိုက်တက်) နှင့် အောင်ကောင်းမာန် (ဧရာဝတီ) တို့ပါဝင်ကြသည်။

သတင်း - ညီမြတ်သော်တာ 
ဓာတ်ပုံ - ဖိုးသော်ဇင်