၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် ခြေစွမ်းပြကစားခဲ့သည့် မြန်မာယူ-၂၂ အသင်းတိုက်စစ်မှူး အောင်ကောင်းမာန် သည် ထိုင်းလိဂ်ပွဲစဉ်များမစတင်မီ ထိုင်းလိဂ်-၂ ကလပ်အသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့သည်။
အောင်ကောင်းမာန်သည် ယခုနှစ်ဆန်းပိုင်းတွင် ထိုင်းလိဂ်-၁ ကလပ် ထရတ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ သော်လည်း ပုံမှန်ကစားခွင့်ရရန်အတွက် အသင်းထပ်မံပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ အောင်ကောင်းမာန်သည် သြဂုတ် ၂၉ ရက်တွင် ထိုင်းလိဂ်-၂ ကလပ် လမ်ပန်အသင်းနှင့် အငှားစာချုပ် ချုပ်ဆိုခဲ့ပြီး ရာသီကုန်အထိ ပါဝင်ကစားမည်ဖြစ်သည်။
အောင်ကောင်းမာန်သည် ထရတ်အသင်းတွင် ရရှိနေသည့် လစာနှင့် အခြားခံစားခွင့်များ ရရှိမည်ဖြစ်ပြီး အပိုဆုကြေး များလည်း ရရှိမည်ဖြစ်သည်။ အောင်ကောင်းမာန်သည် ယခုရာသီအစတွင် ထရတ်အသင်း၌ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ရာသီအစ လေးပွဲတွင် နှစ်ပွဲပွဲထွက်၊ နှစ်ပွဲလူစားလဲကစားခွင့်ရခဲ့ပြီး ဂိုးများလည်း သွင်းယူနိုင်ခဲ့သည်။
သို့သော် ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲရပ်နားပြီး ပြန်လည်လေ့ကျင့်သည့်အချိန်တွင် ၎င်းအား ယခင်ကစားနေ သည့် ကွင်းလယ်တိုက်စစ်နေရာအစား တောင်ပံနေရာသို့ ပြောင်းလဲကစားစေခြင်းကြောင့် အောင်ကောင်းမာန် အနေဖြင့် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ရလာပြီး ကစားခွင့်ပျောက်ဆုံးမည်ဆိုးသောကြောင့် အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အောင်ကောင်းမာန်အား အငှားဖြင့်ခေါ်ယူရန် အသင်းနှစ်သင်း ကမ်းလှမ်းခဲ့သော်လည်း လမ်ပန်အသင်းအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ထိုင်းကလပ်အသင်းများတွင် မြန်မာကစားသမားများအနက် ဇော်မင်းထွန်းက ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်း၊ ဆွမ်လမန်က ထိုင်းလိဂ်-၁ ကလပ် ထရတ်အသင်း၊ ကျော်ကိုကိုက ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်း၊ အောင်ကောင်းမာန်က ထိုင်းလိဂ်-၂ ကလပ် လမ်ပန်အသင်းတို့တွင် ပါဝင်ကစားလျက် ရှိသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-အောင်ကောင်းမာန်(Fb)