ရန်ကုန်  ၁၄  အောက်တိုဘာ

 

အားကစားနည်းပေါင်းစုံမှ ရွှေခေတ် မြန်မာ့အားကစား လက်ရွေးစင်ဟောင်းကြီးများ အပါအဝင် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများ အသင်း၏ ပဉ္စမအကြိမ်မြောက် အသင်းသား စုံညီတွေ့ဆုံပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

 

အဆိုပါ တွေ့ဆုံပွဲထိမ်းအမှတ်အဖြစ် နှစ်ပတ်လည်မဂ္ဂဇင်းကိုလည်း ထုတ်ဝေသွားရန် စီစဉ်ထားကြောင်း သိရသည်။

 

နှစ်ပတ်လည်မဂ္ဂဇင်းကို အားကစားဆောင်းပါး၊ ဝတ္ထုကဗျာကာတွန်းများ၊ ဓာတ်ပုံမှတ်တမ်းများဖြင့် အဆင့်မီ မဂ္ဂဇင်းတစ်စောင်အဖြစ် ဝေဝေဆာဆာ ထုတ်ဝေသွားရန် စီစဉ်ထားကြောင်း အသင်းအတွင်းရေးမှူးဖြစ်သူ ဦးစိုးသိန်းက ပြောဆိုသည်။

 

“ကျွန်တော်တို့ အသင်းနှစ်ပတ်လည်မဂ္ဂဇင်းကို နှစ်စဉ် ထုတ်ဝေလာခဲ့တာပါ။ ဒီနှစ်မှာလည်း ထုတ်ဝေဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်တဲ့ မဂ္ဂဇင်းတစ်အုပ် ဖြစ်ဖို့အတွက် ကျွန်တော်တို့ အားထည့်ကြိုးပမ်းနေပါတယ်။ အားကစား ဆောင်းပါးတွေ၊ ဝတ္ထုကဗျာတွေ၊ ကာတွန်းတွေအပြင် ဓာတ်ပုံ မှတ်တမ်းတွေ စုံစုံလင်လင် ဝေဝေဆာဆာနဲ့ ထုတ်ဝေသွားဖို့ စီစဉ်နေပါတယ်။ ဒါကြောင့် စာမူများ ရေးသားပေးပို့ကြဖို့ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများကို ဖိတ်ခေါ်တိုက်တွန်းပါတယ်”ဟု ဦးစိုးသိန်းက ‌ပြောသည်။

 

အသင်းဝင်ထားပြီးသူဖြစ်စေ၊ မဝင်ရသေးသူဖြစ်စေ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်း မည်သူမဆို ဝတ္ထုကဗျာ ကာတွန်းများကို ရေးသားပေးပို့နိုင်ကြကြောင်း မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်းက ဖိတ်ခေါ်တောင်းခံထားသည်။

 

ထို့ပြင် အားကစားကလောင်ရှင်များ အနေဖြင့်လည်း ပါဝင်ကူညီ ရေးသားပေးစေလိုကြောင်း ဦးစိုးသိန်းက ဆက်လက် ပြောဆိုခဲ့သည်။

 

“ကျွန်တော်တို့မဂ္ဂဇင်းက ရောင်းချတဲ့မဂ္ဂဇင်း မဟုတ်ပါဘူး၊ မေတ္တာလက်ဆောင်ဖြန့်ဝေတဲ့ မဂ္ဂဇင်းပါ၊ ဒါ့ကြောင့် စာမူခတွေ ပေးဖို့အခက်ခဲရှိတော့ အားကစား ကလောင်ရှင်တွေဆီက စာမူတွေတောင်းရမှာ အခက်ခဲရှိသလို အားလည်းနာပါတယ်၊ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ လိုချင်သလို ကူညီရေးသားပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်” ဟု ၎င်းက ဆက်လက်‌ပြောသည်။

 

စာမူပေးပို့လိုသူများသည် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား၍ တာမွေမြို့နယ် ကျိုက္ကဆံကွင်း အားကာနှင့် သိပ္ပံဝင်းအတွင်းရှိ အသင်းရုံးသို့ လာရောက်ပေးပို့နိုင်ကြပြီး ဖုန်း ဝ၉၈၃၂၃၄၅၆ ၊ ဝ၉၄၉၃၀ဝ၅၂၆ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အာကာစိုး