နေပြည်တော် ၁၁ ဩဂုတ်
မြန်မာအားကစားအဖွဲ့ချုပ်များနှင့် အခြေခံအားကစားနည်းစနစ်များအကြောင်း ဟောပြောပို့ချမှုများအား ရုပ်မြင်သံကြားလိုင်းပေါင်းစုံမှ ရိုက်ကူးထုတ်လွှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အိုလံပစ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခြေခံအားကစားနည်းများကို ရုပ်သံများမှဟောပြောခြင်း၊ နည်းစနစ်များ သရုပ်ပြသခြင်း၊ အခြေခံပညာကျောင်းများတွင် ဟောပြောပွဲများပြုလုပ်ခြင်း၊ စနစ်တကျသင်ကြားပြသခြင်းများကို ပြုလုပ်မှသာ လူငယ်များငယ်စဉ်မှစ၍ အားကစားနည်းအခြေခံကောင်းများ သိရှိပြီး ထူးချွန်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း။
အားကစားအဖွဲ့ချုပ်များအနေဖြင့် သရုပ်ပြဟောပြောရာတွင် လူငယ်များနားလည်လွယ်နိုင်သည့် အခြေခံနည်းစနစ်များကိုသာ ဦးစားပေးဆောင်ရွက်စေလိုပါကြောင်း၊ သို့မှသာ အခြေခံပညာကျောင်းများ၌ နွေ၊ မိုး၊ ဆောင်း အခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားရာတွင် ပိုမိုလွယ်ကူလာမည်ဖြစ်ပါကြောင်း။
ပထမအဆင့်အနေဖြင့် SEA GAMES မှ အောင်မြင်မှုရရှိနိုင်သည့် အားကစားနည်းများကို ပထမဦးစားပေးရွေးချယ် ဆောင်ရွက်စေတာဖြစ်ပါကြောင်း၊ ထိုသို့ ဟောပြောသရုပ်ပြအစီအစဉ် ဆောင်ရွက်ရာတွင် တတ်နိုင်သမျှ မြန်မာ့လက်ရွေးစင်ကစားသမားများကို ထည့်သွင်းအသုံးပြုစေခြင်းဖြင့် လူငယ်ကျောင်းသား/ ကျောင်းသူများ လေးစားအားကျ အတုယူနိုင်မှာဖြစ်ပါကြောင်း၊ ရုပ်သံဌာနများအနေနှင့် အားကစားနည်းတစ်မျိုးကို ထုတ်လွှင့်ပြသနိုင်သည့် အချိန်ပေါ်မူတည်၍ အဖွဲ့ချုပ်များအနေနှင့် စီစဉ်ဆောင်ရွက်ပြသသင့်ပါကြောင်း အချိန်ကြာမြင့်ပါက အပိုင်းလိုက်ထုတ်လွှင့်ပြသနိုင်ရေး ရုပ်သံအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်စေလိုပါကြောင်း၊ လာရောက်ရိုက်ကူးရာတွင် ရုပ်သံအဖွဲ့များ၊ အဖွဲ့ချုပ်ထောက်ပံ့မှုကိစ္စရပ်များကို အားကစားနှင့် ကာယပညာ ဦးစီးဌာနအနေနှင့် ပံပိုးကူညီသွားမည် ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် ရိုက်ကူးမှု အစီအစဉ်များကို သေချာစွာ အချိန်ယူပြင်ဆင်ဆောင်ရွက်ပြီး အဆင်သင့်ဖြစ်မှသာ ဦးစီးဌာနသို့ တစ်ပတ်ကြိုတင် အသိပေးစေလိုကြောင်း ထိုမှတစ်ဆင့် ဦးစီးဌာနမှ ရုပ်သံဌာနများ ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဟောပြောသရုပ်ပြသမည့် အားကစားအဖွဲ့ချုပ်အသီးသီးမှ ၎င်းတို့၏ အားကစား အခြေခံနည်းစနစ်များ ဟောပြောသရုပ်ပြသမည့် အစီစဉ်များ ကြာမြင့်နိုင်သည့်အချိန်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော ရုပ်သံဌာနများမှ မိမိတို့ ရုပ်သံဌာနများမှ ထုတ်လွှင့်ပြသနိုင်သော ရက်များ၊ အချိန်များနှင့် ရိုက်ကူးထုတ်လွှင့်ချင်သော ပုံစံများကို ညှိနှိုင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများမှ အားကစားအဖွဲ့ချုပ်အသီးသီးမှ အခြေခံအားကစားနည်းများ ရုပ်သံထုတ်လွှင့်ပြသရာတွင် ပြည်သူများ အခြေခံအားကစားနည်းစနစ်များကို လွယ်ကူရှင်းလင်းစွာ သိရှိနိုင်ရေး၊ လူငယ်ကျောင်းသားများ ကြည့်ရှုနိုင်သည့်အချိန် ပြသနိုင်ရေးနှင့် အခြားလိုအပ်သော အကြံဉာဏ်ကောင်းများကို ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်