မြန်မာ့အားကစားသမိုင်းတွင် သမိုင်းမှတ်တမ်းကောင်းများ ရေးထိုးနိုင်ခဲ့သည့် တပ်မတော်သား အားကစားသမားများ၏ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းပြီး မျိုးဆက်သစ် အားကစားသမားများကိုလည်း အစဉ်အလာကောင်းများ လက်ဆင့်ကမ်းနိုင်ရမည်

 

နေပြည်တော် ဇွန် ၄

 

ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်၊ တပ်မတော်ဂုဏ်ဆောင်အားကစား သမားများနှင့် နည်းပြများအား ဂုဏ်ထူးဆောင် လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု အမှာစကား ပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။

 

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တပ်မတော်ဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြများ တက်ရောက်ကြသည်။

 

နိုင်ငံတော်နှင့်တပ်မတော်အတွက် စွမ်းစွမ်းတမံ ရေကုန်ရေခန်း ယှဉ်ပြိုင်ခဲ့ကြသည့် တပ်မတော်သား အားကစားသမားများကို ထိုက်သင့်သည့် ချီးမြှောက်မှုများ ပြုလုပ်ပေးလျက်ရှိ

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ကမ္ဘာတစ်ဝန်းလုံးကို ခြိမ်းခြောက်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အခြားသော အနှောင့်အယှက် အခက်အခဲမျိုးစုံကြားမှ တပ်မတော်၏ အစဉ်အလာ (၁၂) ရပ်တွင် ပါဝင်သည့် “အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိရှိသော တပ်မတော်ဖြစ်သည်” ဟူသည့်အတိုင်း အမိနိုင်ငံတော်အတွက် မဆုတ်မနစ်သော ယုံကြည်ချက်၊ ခံယူချက်များနှင့် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် စွမ်းဆောင်ချက်များအပေါ် မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။

 

မြန်မာ့အားကစား အောင်မြင်မှုအခန်းကဏ္ဍကို လေ့လာကြည့်မည်ဆိုပါက မိမိတို့တပ်မတော်သားများ၏ ထူးချွန်ပြောင်မြောက်သည့် စွမ်းဆောင်ချက်များကို ပေါ်လွင်ထင်ရှားစွာ တွေ့ရမည်ပင်ဖြစ်ကြောင်း၊ ပြည်တွင်းမှာသာမက နိုင်ငံတကာပြိုင်ပွဲများစွာတွင်လည်း အောင်မြင်မှုများစွာ ရရှိခဲ့သည့် သမိုင်းမှတ်တမ်းကောင်းများကို မော်ကွန်းရေးထိုး ထားလျက်ရှိကြောင်း၊ တစ်ချိန်က မြန်မာ့ဘောလုံး အသင်း၏ လျှမ်းလျှမ်းတောက် အောင်မြင်မှုများတွင် မိမိတို့တပ်မတော်သားများ၏ အစွမ်းအစများသည် ယနေ့ထက်တိုင် ပြောစမှတ်တွင်နေဆဲပင်ဖြစ်ကြောင်း၊ ဘောလုံးအားကစားတွင်သာမကဘဲ ပြေးခုန်ပစ်၊ လက်ဝှေ့၊ အလေးမ၊ ဂျူဒို အစရှိသည့် အားကစားနည်းများတွင်လည်း ဆုတံဆိပ်များစွာနှင့်အတူ တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆောင်ပေးခဲ့ကြကြောင်း၊ ထိုကဲ့သို့ နိုင်ငံတော်နှင့်တပ်မတော်အတွက် စွမ်းစွမ်းတမံ ရေကုန်ရေခန်း ယှဉ်ပြိုင်ခဲ့ကြသည့် တပ်မတော်သား အားကစားသမားများကို ထိုက်သင့်သည့် ချီးမြှောက်မှုများလည်း ပြုလုပ်ပေးခဲ့ကြောင်း။

 

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ဦးတည်ချက်(၉)ရပ်ကိုချမှတ်ထားပြီး လူမှုရေးကဏ္ဍတွင် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာ ရည်မြင့်မားရေး” ဟူသည့်အချက်ကို ပြဋ္ဌာန်းထား လျက်ရှိကြောင်း၊ ထုတ်ပြန်ထားသည့် ပြဋ္ဌာန်းချက်နှင့်အညီ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားပြိုင်ပွဲများကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စီမံဆောင်ရွက်ပေး နေသကဲ့သို့ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်နစ်နာ ခဲ့ရသည့် ပညာရေးလုပ်ငန်းများအတွက်လည်း ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ဇွန် ၂ ရက်နေ့တွင် အခြေခံပညာကျောင်း များကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဇွန် ၃ ရက်အထိ ကျောင်းသား ကျောင်းသူ ၆ သန်းနီးပါး ကျောင်းတက်ပညာသင်ကြားနေကြပြီ ဖြစ်ကြောင်း။

 

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ များကို နှစ်စဉ်ကျင်းပပေးခြင်းသည် မျိုးဆက်သစ် အားကစားသမားများ ပေါ်ပေါက်စေခြင်းမှတစ်ဆင့် မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရေးအတွက်ပင် ဖြစ်သည်ကို သိရှိထားရန်လိုကြောင်း၊ တတိယ လေးလပတ်ကာလတွင် တပ်မတော်အားကစား ပြိုင်ပွဲနှင့် စိန်ရတုလွတ်လပ်ရေးအကြို ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ပြုလုပ်သွား ရန်ရှိကြောင်း။

 

နိုင်ငံတစ်နိုင်ငံ၏ မျိုးချစ်စိတ်ကို ယင်းနိုင်ငံသားများပါဝင်ယှဉ်ပြိုင်သည့် အားကစားပြိုင်ပွဲမှတစ်ဆင့် လေ့လာသိရှိနိုင်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ အချို့နိုင်ငံများသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အား မတောင့်တင်းကြပေမဲ့လည်း အားကစားအောင်မြင်မှုများကြောင့် အခြားသော နိုင်ငံများ၏ အသိအမှတ်ပြု နေရာပေးခြင်းကို ခံကြရကြောင်း၊ ထို့ကြောင့် မိမိတို့ယှဉ်ပြိုင် ကစားနေရသည့် အားကစား၏တန်ဖိုးကို သိရှိနားလည်ပြီး ရှိပြီးသား အောင်မြင်မှုများမှတစ်ဆင့် ပိုမိုတိုးတက်အောင်မြင်သည့် အဆင့်ရောက်အောင် အမျိုးသားရေးစိတ်ဓာတ် ခံယူချက်ကောင်းများနှင့် ဆက်လက်ကြိုးစားသွား ကြရမည်ဖြစ်ကြောင်း။

 

ထိုသို့လုပ်ဆောင်နိုင်ရေး တပ်ရင်း၊ တပ်ဖွဲ့ ဌာနချုပ်အသီးသီးတွင် အားကစားကွင်းများ၊ အဆင့်မီ အားကစားရုံများ တည်ဆောက်ပေးပြီး လေ့ကျင့်ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ပေးထားကြောင်း၊ အထူးသဖြင့် မိမိတို့တပ်မတော်၏ သဘောသဘာဝနှင့် နီးစပ်သည့် ဘောလုံး၊ ဘော်လီဘော အားကစား၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ သေနတ်ပစ်၊ လက်ဝှေ့၊ သိုင်း၊ ပြေးခုန်ပစ်တွင် တာဝေး၊ တာလတ်အပြေး၊ လမ်းလျှောက်၊ ရေကူး၊ လှေလှော်အားကစားများ တွင် ပိုမိုထူးချွန်အောင် ကြိုးစားဆောင်ရွက်ပြီး နိုင်ငံ ကိုယ်စားပြု လက်ရွေးစင် အားကစားသမားများ အနေဖြင့် နိုင်ငံတကာအဆင့်အထိ တက်လှမ်းနိုင် သည်အထိ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

 

ရှိရင်းစွဲ အရည်အချင်းကောင်းများကို တိုးတက်အောင် ဆက်လက်ကြိုးစားရမည်ဖြစ်သကဲ့သို့  မျိုးဆက်သစ် အားကစားသမားများကိုလည်း အစဉ်အလာကောင်းများ လက်ဆင့်ကမ်းနိုင်ရမည်

 

ယခု SEA Game ပြိုင်ပွဲသည် (၃၁) ကြိမ်မြောက် ဖြစ်ပြီး အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစား ပြိုင်ပွဲအဖြစ်အစပြု၍ ပြုလုပ်ခဲ့သည့် ပြိုင်ပွဲအားလုံး တွင် မိမိတို့တပ်မတော်သားများ ပါဝင်ယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည်မှာ များစွာရှိကြောင်း၊ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်မိမိတို့နိုင်ငံအနေဖြင့် ရွှေတံဆိပ်ကိုးခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု စုစုပေါင်း ၆၂ ခုတို့ကို ရယူနိုင်ခဲ့သည့်အတွက် ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံတွင် မိမိတို့နိုင်ငံသည် အဆင့် (၇) ရရှိခဲ့ကြောင်း၊ မိမိတို့ တပ်မတော်သားအားကစားသမား၃၈ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်ရှစ်ခု၊ ဆုတံဆိပ်စုစုပေါင်း ၁၃ ခု ရယူပေးနိုင်ခဲ့ပြီး ဆုရရှိခဲ့သည့် အထဲတွင် ရဲမေတစ်ဦးပါဝင်ကြောင်း တွေ့ရှိရသည့်အတွက်လည်း များစွာပီတိဖြစ်မိပါကြောင်း၊ အထူးသဖြင့် ဘောလုံး၊ ဘော်လီဘော၊ သေနတ်ပစ်၊ ပြေးခုန်ပစ်၊ အလေးမ၊ လက်ဝှေ့၊ ဂျူဒို၊ လှေလှော် စသည့်အားကစားများ အပါအဝင် အားကစားနည်းမျိုးစုံ၌ မိမိတို့တပ်မတော် သားများ၊ ရဲမေများသည် ဆုတံဆိပ်ပေါင်းများစွာ ရယူနိုင်ခဲ့ကြကြောင်း၊ မိမိတို့တပ်မတော်တွင် တပ်မတော်သားများ၏ ရဲစွမ်းသတ္တိများကိုသာမက ပါရမီဖြည့်ဖက်များ၏ ထူးချွန်ပြောင်မြောက်သည့် စွမ်းဆောင်ချက်များကို အတိတ်သမိုင်းကနေ မျက်မှောက်ကာလအထိ တွေ့နေရဆဲဖြစ်ကြောင်း၊ ယနေ့တွင် ဂုဏ်ပြုဆု ချီးမြှင့်ခြင်းခံရသူများ အနေဖြင့် မိမိတို့ရှိပြီးသား အရည်အချင်းများကို တိုးတက်အောင် အစဉ်ကြိုးပမ်းနေရမည်ဖြစ်သကဲ့သို့ နောင်လာမယ့် မျိုးဆက်သစ်များကိုလည်း အားကျအတုယူဖွယ်ရာ ကောင်းသည့် အစဉ်အလာကောင်းများကို လက်ခံကျင့်သုံးလာနိုင်အောင် နည်းပေးလမ်းပြ ပြုလုပ်သွားကြရန် လိုအပ်မည်ဖြစ်ပြီး မှန်ကန်သည့် လက်ဆင့်ကမ်းအမွေကို ပေးခြင်းပင်ဖြစ်ကြောင်း။

 

အားကစားပြိုင်ပွဲများအပြင် မည်သည့်ရည်မှန်းချက် တာဝန်မျိုးကို ထမ်းဆောင်ရသည်ဖြစ်စေ တပ်မတော်၏ အစဉ်အလာ (၁၂) ရပ်အတိုင်း ကြိုးစားပုံဖော်သွားကြရန်လိုကြောင်း၊ တပ်မတော်သားများ ပီပီ လှေခွက်ချည်းကျန် အလံမလှဲဟူသည့် စိတ်မျိုးမွေးပြီး အမျိုးသားရေး စိတ်ဓာတ်ကောင်းများနှင့် နောင်လာမည့် ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင် သွားကြရမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်များအတွက် စံနမူနာပြ တပ်မတော်သားများဖြစ်အောင် ကြိုးစားပြီး နိုင်ငံတော်နှင့်တပ်မတော်အတွက် ဂုဏ်ဆောင် နိုင်သူများဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကြိုးစားသွားကြမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။

 

ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၃၁) ကြိမ်မြောက် အရှေ့တောင်အာရ ှအားကစားပြိုင်ပွဲ၊ ဝူရှူးအားကစားနည်း (တစ်ဦးချင်းပြိုင်ပွဲ) တွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် သိန်းသန်းဦး၊ ဗိုဗီနမ်အားကစားနည်း (အသင်းလိုက် ပြိုင်ပွဲ) တွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အရာခံဗိုလ် ဇင်လင်းထွန်းနှင့်အရာခံဗိုလ်ဇော်ဇော်တို့ကိုဂုဏ်ထူး ဆောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို တစ်ဦးချင်း ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက ဂျူဒို/Kurash အားကစားနည်း (တစ်ဦးချင်းပြိုင်ပွဲ) တွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ် တင်မျိုးလွင်၏ဇနီး မအေးအေးအောင်၊ သေနတ်ပစ် အားကစားနည်း (အသင်းလိုက်ပြိုင်ပွဲ) တွင် ငွေတံဆိပ် ဆုရရှိခဲ့သည့် ဗိုလ်ကြီးဒေါ်ချစ်စိုးနွယ်တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က သေနတ်ပစ်အားကစားနည်း (တစ်ဦးချင်းပြိုင်ပွဲ) နှင့် (အသင်းလိုက်ပြိုင်ပွဲ) တို့တွင် ငွေတံဆိပ်ဆုနှစ်ဆုရရှိခဲ့သည့် ဒုတိယ အရာခံဗိုလ် ရဲထွန်းနောင်၊ ဗိုဗီနမ်အားကစားနည်း (တစ်ဦးချင်းပြိုင်ပွဲ) တွင် ကြေးတံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ်ကြီး ကျော်ကိုကို၊ ဂျူဒို/Kurash အားကစားနည်း (တစ်ဦးချင်းပြိုင်ပွဲ) တွင် ကြေးတံဆိပ်ဆုရရှိခဲ့သည့် တပ်သား စိုးမြင့်ထွန်းတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီးက ဝူရှူးအားကစားနည်း (တစ်ဦးချင်းပြိုင်ပွဲ) တွင် ကြေးတံဆိပ်ဆုရရှိခဲ့သည့် တပ်သားမျိုးမင်းထက်၊ ဗိုဗီနမ် အားကစားနည်း (တစ်ဦးချင်းပြိုင်ပွဲ) တွင် ကြေးတံဆိပ်ဆုရရှိခဲ့သည့် တပ်သားဝေသူလွင်၊ ပိုက်ကျော်ခြင်း အားကစားနည်း (အသင်းလိုက်) ပြိုင်ပွဲ (၂) ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သည့် တပ်ကြပ်ကျော်ဇင်လတ်တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း။

 

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) က ပိုက်ကျော်ခြင်းအားကစားနည်း (အသင်းလိုက်ပြိုင်ပွဲ) တွင် ကြေးတံဆိပ်ဆုရရှိခဲ့သည့် တပ်သားအောင်ရဲဇော်နှင့် တပ်သား အောင်သူမင်း၊ လှေလှော်အားကစားနည်း (အသင်းလိုက်ပြိုင်ပွဲ) နှစ်ပွဲတွင် ကြေးတံဆိပ်ဆု နှစ်ဆုရရှိခဲ့သည့် အရပ်သားအစားခန့်ဝန်ထမ်း ဦးဝင်းထိုက်တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေများကိုလည်းကောင်း။

 

စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ဂျူဒို/Kurash အားကစားနည်း၌ ရွှေတံဆိပ်ဆုရရအောင် နည်းပြပေးနိုင်ခဲ့သည့် ဗိုလ်ကြီးဉာဏ်စိုး၊ ဝူရှူးအားကစားနည်း၌ ရွှေတံဆိပ်ဆုရရှိအောင် နည်းပြပေးနိုင်ခဲ့သည့် ဒုတိယတပ်ကြပ် ထွန်းထွန်းဝင်း၊ လှေလှော်အားကစားနည်း၌ ကြေးတံဆိပ်ဆုရရှိအောင် နည်းပြပေးနိုင်ခဲ့သည့် အရာခံဗိုလ် ဇော်လွင်ထွန်းတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်သည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူ

 

ထို့နောက် ဆုရရှိသူ တပ်မတော်ဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် မိမိတို့ အားကစားသမားများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အားပေးကူညီမှု၊ တပ်မတော်၏ ပံ့ပိုးအားပေးမှု၊ ပြည်သူများ၏ တစ်ခဲနက် အားပေးကူညီမှုများနှင့်အတူ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ထိုက်တန်စွာရရှိအောင် ကြိုးစားအားထုတ်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ မိမိတို့ တပ်မတော်သား အားကစားသမားများကို နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ပေးမှုများ ပြုလုပ်ပေးခဲ့သည့်အပြင် တပ်မတော်အနေဖြင့်လည်း တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေးခြင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ ကို ဂုဏ်ပြုချီးမြှင့်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည့် အတွက်လည်း အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများ အားလုံးကိုယ်စား အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ နောင်ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲများတွင်လည်း နိုင်ငံကို ကိုယ်စားပြုပြီး ယခုထက် ပိုမိုများပြားသည့် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ရေး ကြိုးစားယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် တပ်မတော်ဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြု လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့က ဂုဏ်ပြုတေးသီချင်းများနှင့် ဖျော်ဖြေကြသည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်နှင့် တပ်မတော်ဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်