နေပြည်တော် ၂၉ နိုဝင်ဘာ
မြန်မာနိုင်ငံအတွင်း တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့အစဉ်အလာ ဓလေ့များကို ရှာဖွေဖော်ထုတ်ရန်အတွက် “ မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် သုတေသန စာတမ်းဖတ်ပွဲကို ၂၀၂ဝ ပြည့်နှစ် ဖေဖော်ဝါရီ တတိယ ပတ်တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ၌ ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ သုတေသနစာတမ်းဖတ်ပွဲကို မြန်မာ့လူနေမှုဓလေ့ သမိုင်းကြောင်းတွင် ကွက်လပ်ဖြစ်နေသည်ကို ဖြည့်စွက်ရန်၊ မြန်မာ့ဓလေ့သမိုင်းကို အထောက်အကူပြုသော သမိုင်းစာပေနှင့် သမိုင်းပညာရှင်များ ပေါ်ထွန်းလာစေရန်၊ အယူအဆသစ်များနှင့် အတွေးအမြင်သစ်များ ပေါ်ထွက်လာရေးအတွက် အထောက်အကူဖြစ်စေရန်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အတွေ့အကြုံ၊ အသိအမြင်နှင့် ဗဟုသုတများ ဖလှယ်ခြင်းအားဖြင့် ပိုမိုကျယ်ဝန်းသော ပညာရပ်နယ်ပယ်တစ်ခု ပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန က ကျင်းပခြင်းဖြစ်သည်။
ထို့ပြင် ဖတ်ကြားတင်သွင်းသော စာတမ်းများမှ အရည်အသွေးပြည့်မီသော စာတမ်းများကို ရွေးချယ်၍ ပုံနှိပ်ထုတ်ဝေခြင်းဖြင့် တိုင်းရင်းသားပြည်သူအတွင်း ပြန့်နှံ့ ရောက်ရှိစေကာ မိမိတို့၏ဓလေ့ကို ပိုမိုထိန်းသိမ်းလာစေရန်နှင့် မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် အစဉ်အလာကြီးမားလှသော မြန်မာ့ယဉ်ကျေးမှုဓလေ့ကို မြတ်နိုးသည့် စိတ်ဓာတ်များ ပိုမိုဖြစ်ထွန်းလာစေပြီး ပြည်ထောင်စုစိတ်ဓာတ်များ တက်ကြွနိုးကြားလာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
စာတမ်းဖတ်ကြားလိုသော သုတေသီများအနေဖြင့် စာတမ်းအကျဉ်းကို ဒီဇင်ဘာ ၂၀ ရက်နောက်ဆုံးထား၍လည်းကောင်း၊ စာတမ်းအပြည့်အစုံကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက်နေ့နောက်ဆုံးထား၍လည်းကောင်း နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅)၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)နှင့် ရန်ကုန်မြို့ရှိ မြန်မာသမိုင်းအဖွဲ့များသို့ ပေးပို့နိုင်ကြောင်း သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ သိရသည်။
မျိုးသူဟိန်း