မုံရွာ ဇွန် ၂၂

 

မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ဟုမ္မလင်းခရိုင် စုပေါင်းရုံးအစည်းအဝေး ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း၏ အားသာချက်များကို လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပသွားမည့် အခြေအနေများကို လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး လက်ထောက်ညွှန်ကြားရေးမှူးက MEVM စက်အသုံး ပြုပုံများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများသည် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေး ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟုမ္မလင်းမြို့ ဆုတောင်းပြည့်စေတီတော်ကြီး ဝင်းအတွင်းရှိ ဓမ္မဝိစယဗိမာန်တော်ကြီး၌ ကျင်းပသည့် ဟုမ္မလင်းခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေနှင့် ဆန်၊ ဆီ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ယာယီနေရပ်စွန့်ခွာပြည်သူ ၅၈၅ ဦးအတွက် တစ်လစာ ထောက်ပံ့ငွေကျပ် ၂၉၂၅၀၀၀ နှင့် ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ယာယီနေရပ် စွန့်ခွာပြည်သူများထံ ဆန်၊ ဆီနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံ ကြီး၌ ဆေးရုံအုပ်ကြီး၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဆေးရုံရှိ ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ပြီး ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများထံ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)