နေပြည်တော်၊ ဩဂုတ် ၂၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး တိုးချဲ့ရုံး အဆောက်အဦ၌ ကျင်းပသည်။
အခမ်းအနားသို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ကော်မရှင် အဖွဲ့ဝင်နှင့် ပြည်ထောင်စုနယ်မြေတာဝန်ခံ ဦးမျိုးလှိုင်၊ ပြည်ထောင်စုနယ်မြေ ၈ မြို့နယ်ရှိ မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါသင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက် ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံတို့ကို  သင်ကြားပြသပေးမည်ဖြစ်ပြီး နည်းပြဆရာဖြစ်သင်တန်းသို့ တက်ရောက်ခြင်းအားဖြင့် မဲပေးစက်နှင့်စပ်လျဉ်း၍ သိရှိတတ်ကျွမ်းကာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချချိန်တွင် ကျွမ်းကျွမ်းကျင်ကျင် ညွှန်ကြားပြသနိုင်မည်ဖြစ်၍ ရွေးကောက်ပွဲတွင်လည်း မဲပေးစက်ဖြင့်မဲပေးခြင်းကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ပြင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ ရွေးကောက်ပွဲတွင် မဲပေး ဆောင်ရွက်ခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများသည် လွယ်ကူလျင်မြန်စွာဖြင့် သက်သောင့်သက်သာ မဲပေးနိုင်မည်ဖြစ်ပြီး မဲရလဒ်များကိုလည်း တိတိကျကျမှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ရရှိနိုင်မည် ဖြစ်သည်။

အဆိုပါသင်တန်းသို့  ပြည်ထောင်စုနယ်မြေ ၈ မြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များမှ သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၂၆ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်