နေပြည်တော် အောက်တိုဘာ ၇

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းအမှတ်စဉ် (၇/၂၀၂၄) သင်တန်းဖွင့်ပွဲအား ယနေ့ နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ တိုးချဲ့ ရုံးအဆောက်အဦ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဆင်သင့်ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့် MEVM စက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းသည်လည်း ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၌ MEVM စက်ဖြင့်မဲပေးနိုင်ရေး စီစဉ်ထားရှိပြီးဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်သည့်အနေဖြင့် (၇) ကြိမ်မြောက် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ MEVM စက်ကို မြန်မာ ပညာရှင်များ စမ်းသပ်တီထွင်ထုတ်လုပ်ခဲ့ပြီး ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး ၄ ခု အပါအဝင် နေပြည်တော်ကောင်စီနယ်မြေမှ မဲဆန္ဒရှင်ပြည်သူ တစ်သိန်းကျော်ခန့်အား ရှင်းလင်းပြသ လက်တွေ့စမ်းသပ်မှု ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

 

သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံတို့ကို လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပြသပေးမည်ဖြစ်သည်။

 

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းအောင်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် မန္တလေး တိုင်းဒေသ ကြီးရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသား ၃၂ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို အောက်တိုဘာ ၇  ရက်မှ ‌၉ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

( သတင်းစဉ် )