စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်လက်ပံကုန်းကျေးရွာတွင် ထုလုပ်နေသည့် မြန်မာ့အကြီးဆုံးဖြစ်လာမည့် စည်တော်ကြီးမှာ လက်ရှိတွင်ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီးဖြစ်ကြောင်း “ဆရာပွဲ” မြန်မာတူရိယာအမျိုးမျိုး လုပ်ငန်းမှ သိရသည်။
ထိုစည်တော်ကြီး ထွင်းထုပြုလုပ်နေမှုကို ယခုနှစ် ဖေဖော်ဝါရီလက စတင်ပြုလုပ် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် အချောသပ် ဆေးခြယ်သည့်လုပ်ငန်းကို လုပ်ဆောင်လျက်ရှိကြောင်းနှင့် ဒီဇင်ဘာ ၂၀ ရက်မတိုင်ခင် ရာခိုင်နှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း “ဆရာပွဲ” မြန်မာတူရိယာအမျိုးမျိုး လုပ်ငန်းမဦးကျော်ညွန့်က ပြောသည်။
“စည်မျက်နှာပြင် သားရေကြက်ပြီးသွားပါပြီ။ နောက်လေးရက်၊ ငါးရက်လောက်ဆို အကုန်လုံး ပြီးစီးပါပြီ။ ဆေးခြယ်တာတွေ အစရှိသဖြင့် အကုန်လုံး ပြီးမယ်။ လက်ရှိက ဆေးခြယ်နေပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ မြန်မာ့အကြီးဆုံး စည်တော်ကြီးကို ထွင်းထုနေသည့် အသားမှာ ကုက္ကိုသားဖြစ်ပြီး အင်းတော်မြို့ သုသာန်ရှင်းလင်းရာမှ ရရှိခြင်းဖြစ်ကြောင်းနှင့် စည်တော်ကြီးထုလုပ်ပြီးစီးပါက တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ကုက္ကိုသားဖြင့် ပြုလုပ်နေသည့် စည်တော်ကြီးမှာ အရှည် ၁၀ ပေ ၈ လက်မ၊ စည်မျက်နှာပြင် ထိပ်ဝ တစ်ဖက်လျှင် အကျယ် ၅ ပေ ၄ လက်မ ရှိမည်ဖြစ်ပြီး စည်တော်ကြီး အလယ်နေရာမှာ ၆၃ လက်မရှိမည် ဖြစ်သည်။
အလယ်ကျန်သည့် သစ်သားစည်နေရာ အပိုင်းကို မြတ်စွာဘုရား၏ ၁၀၈ ကွက်သော ဗုဒ္ဓ ခြေတော်ရာ စက်လက္ခဏာအား နတ်သားများ ပူဇော်နေသည့်ပုံကို ထည့်သွင်း၍ ကြည်ညိုဖွယ်ရာဖြစ်အောင် ပြုလုပ်ဆောင်ရွက်ထားပြီး စည်အတွင်းပိုင်းတွင်ဂါထာများ ထွင်းထုထားကြောင်း သိရသည်။