ကိုဉာဏ်လေး (စေရာမြေ)

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် UNESCO (United Nations Educational, Scientific and Cultural Organization) ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာညီလာခံ (Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage) ၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား မြန်မာတို့၏ ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် မဲခွဲအတည်ပြုဆုံးဖြတ်ကြရန် စီစဉ်ထားကြောင်း ကြားသိရပါသည်။ အတာသင်္ကြန်ပွဲတော်ဟူသည် ရှေးနှစ်ထောင်ပေါင်းများစွာမှသည် ယနေ့တိုင်အောင် နှစ်စဉ်မပျက်မကွက် ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး ပွဲတော်တစ်ခုပင် ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း မြန်မာတစ်မျိုးသားလုံးအပါအဝင် ကမ္ဘာလှည့်ခရီးသွားများ၊ လူမျိုး၊ ဘာသာ၊ လူတန်းစားမရွေး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလေ့ ရှိကြသည့် ကမ္ဘာသိရိုးရာပွဲတော်တစ်ခုဖြစ်ပါသည်။

ဆွဲဆောင်စရာ ကမ္ဘာသိပွဲတော် တစ်ခုဖြစ်လာအောင် စီမံဆောင်ရွက်ခဲ့ကြ

အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုစာရင်းတွင် အဆိုတင်သွင်းဖြစ်ခဲ့သည့် အကြောင်းရင်းခံမှာ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ နှစ်သစ်ကူး ဆုန်ခရမ်ပွဲတော်ကို ယူနက်စကိုအဖွဲ့ကြီးက ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ရာမှ အစပြုခဲ့ပါသည်။ ထိုသို့ အသိအမှတ်ပြုခံခဲ့ ရပြီးနောက် ၂၀၂၄ ခုနှစ် ဆုန်ခရမ်ပွဲတော်ကို ကျင်းပခဲ့ရာတွင် ထိုင်းနိုင်ငံအမျိုးသား ယဉ်ကျေးမှုတိုးတက်မြှင့်တင်ရေး မဟာဗျူဟာကော်မတီ (National Soft Power Strategy Committee - NSPSC) မှ ကြီးမှူး၍ ဘတ်ဂျက်ထိုင်းဘတ်ငွေ ၅ ဒသမ ၁ ဘီလီယံကျော် အသုံးပြု၍ ကျင်းပရန် စီစဉ်ခဲ့ပါသည်။ တစ်နိုင်ငံလုံး တွင် ခရိုင်အလိုက် ရိုးရာယဉ်ကျေးမှုများကို ထုတ်ဖော်၍ ရေကစားပွဲတော် အခမ်းအနားပေါင်း တစ်သောင်းကျော် ကျင်းပရန် စီမံဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကျင်းပနိုင်ရန်အတွက်လည်း ကျေးရွာအလိုက်ဒေသခံများကို ပွဲတော်များဦးစီး ကျင်းပနိုင်ရေး သင်တန်းများပေး၍ ဆုန်ခရမ်ပွဲတော်ကို ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်စရာ ကမ္ဘာသိပွဲတော် တစ်ခုဖြစ်လာအောင် စီမံဆောင်ရွက်ခဲ့ကြပါသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာ ပြည်သူလူထုအကြားတွင် “တို့မြန်မာ သင်္ကြန်ပွဲကို အစိုးရကရော ယူနက်စကို မတင်ဘူးလား”၊ “သင်္ကြန်ဆိုတာ တို့နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်လေ” စသည်ဖြင့် ဝေဖန်မှုများစွာ ပေါ်ပေါက်လာခဲ့ပါသည်။ ပြည်သူပြည်သားအများစု စိုးရိမ်ပူပန်ကြခြင်း၊ ဝေဖန်ကြခြင်းသည် မိမိယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လိုသည့် ပြင်းပြသော အမျိုးသားရေးစိတ်ဓာတ်ကို ညွှန်ပြနေသဖြင့်ကောင်းသည့် လက္ခဏာတစ်ရပ်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိပါသည်။ သို့သော် ထိုဖြစ်စဉ်တွင် ပြည်သူလူထုအတွင်းတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ (Intangible Cultural Heritage - ICH) နှင့်ပတ်သက်၍ အသိပညာ ဗဟုသုတများ ပြန့်ပွားမှုအားနည်းနေသည့် အချက်ကို စိုးရိမ်ဖွယ်အချက်တစ်ခုအဖြစ် တွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် ဤဆောင်းပါးတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်ကူး ပွဲတော်ကို ယူနက်စကိုသို့ အဆိုပြု တင်သွင်းခဲ့ပုံအဆင့်ဆင့်နှင့် အခြားသော ဒြပ်မဲ့ယဉ်ကျေးမှုများကိုလည်း မည်သို့မည်ပုံ စာရင်းတင်သွင်းရမည်ဆိုသည့် အကြောင်းကို ဦးစားပေး တင်ပြသွားပါမည်။

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို စာရင်းဝင်ရန်ဆောင်ရွက်

ပြည်သူအများစု မသိရှိသောအချက်မှာ ထိုင်းနိုင်ငံ၏ ဆုန်ခရမ်ပွဲတော်ကို ICH (Intangible Cultural Heritage) ဟူ သည့် ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် ယူနက် စကိုသို့ တင်ပြရာတွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ဆွဲယူတင်သွင်း၍ မရဘဲ ထိုင်းနိုင်ငံတွင် နှစ်စဉ်ဆင်နွှဲလေ့ရှိသည့် ရိုးရာပွဲတော်တစ်ခုအနေဖြင့်သာ တင်သွင်းခဲ့သည့် အချက်ပင်ဖြစ်သည်။ သို့သော် ပြည်သူအများစု၏ ဝေဖန်အကြံပြုမှုများအပြင် မိမိတို့နိုင်ငံ၏ ရိုးရာဒြပ်မဲ့ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust - MCHT) မှ ကမကထပြုကာ မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ချစ်မြတ်နိုးသည့် အသိ၊ အတတ် ပညာရှင်များ၊ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ၊ Living Myanmar Media Group နှင့် Ko Hein’s Vlog ကဲ့သို့သတင်း နှင့် လူမှုကွန်ရက်မီဒီယာ လုပ်ငန်းများနှင့် စိတ်ပါဝင်စားသူပြည်သူများ ပူးပေါင်း၍ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကိုလည်း ယူနက်စကို၏ ICH စာရင်းဝင်ရန်အတွက် ၂၀၂၃ ခုနှစ်တွင် စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကြောင်း ကြားသိရပါသည်။

ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) သည် Living Myanmar Media Group ၊ Ko Hein’s Vlog စသည့် သတင်း မီဒီယာများနှင့် ပူးပေါင်းကာ မြန်မာ့ရိုးရာ အတာသင်္ကြန်သည် ရှေးနှစ်ပေါင်းများစွာ မှသည် ယနေ့အထိ မြန်မာတစ်မျိုးသားလုံး ပါဝင်ဆင်နွှဲလျက်ရှိသော ပွဲတော် တစ်ခုဖြစ်ကြောင်း၊ အတာသင်္ကြန်ပွဲတော် ကျင်းပရန် မြန်မာ့ရိုးရာ ပြက္ခဒိန်တွင် နှစ်သစ်ကူးကာလကို တွက်ချက်ခြင်း၊ သမိုင်းစာပေ အထောက်အထားများ၊ အကြိုနေ့မှအတက်နေ့အထိ ရေသဘင်ပွဲတော်ကို တစ်နိုင်ငံလုံးတွင် ပျော်ရွှင်စွာ ကျင်းပပုံများနှင့် သင်္ကြန်ပွဲတော်တွင် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးစံအရ ကျွေးမွေးဧည့်ခံကြပုံ၊ ဘေးမဲ့လွှတ်ကြပုံ၊ သက်ကြီးဘိုးဘွားများကို ပြုစု စောင့်ရှောက်ကြပုံ၊ ဥပုသ်သီတင်းသီလ ဆောက်တည်၍ အလှူဒါနပြုကြပုံများ စသည်ဖြင့် သက်ဆိုင်သော အချက်အလက် များကို စုဆောင်း၍ မြန်မာရိုးရာနှစ်သစ် ကူးသင်္ကြန် (ရေသဘင်ပွဲတော်) ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် တင်သွင်းရန်အတွက်အဆိုပြုလွှာကို ၂၄-၃-၂၀၂၃ ရက်နေ့တွင် Living Heritage Entity Culture Sector (France) သို့ DHL ဖြင့် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။ 

မေးခွန်းနှစ်ခုအား အင်္ဂလိပ်၊ ပြင်သစ် နှစ်ဘာသာဖြင့် ရေးသားဖြေဆိုပေးပို့

ထိုသို့ပေးပို့ရာတွင် အဆိုပြုလွှာအပြင် သင်္ကြန်ပွဲတော်နှင့် သက်ဆိုင်သော အချက်အလက်များကို ၁၀ မိနစ်ထက် မကျော်သည့် အင်္ဂလိပ်စကားပြော မှတ်တမ်းရုပ်သံအဖြစ် ဖန်တီးကာ ပေးပို့ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဖန်တီးရာတွင် လူမှုကွန်ရက် မီဒီယာများတွင် တစ်နိုင်ငံလုံးရှိ မြန်မာပြည်သူများ သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပုံ ရုပ်သံအစစ်အမှန်များကိုသာ လူမှုကွန်ရက်တွင် ရှာဖွေစုဆောင်း၍ ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း Living Myanmar Media ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ထို့နောက် ၂၆-၉-၂၀၂၃ ရက်နေ့တွင် Community voice ဟုခေါ်သည့် အသိပညာရှင် အတတ်ပညာရှင် ပြည်သူများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအသင်း အဖွဲ့များ၏ ထောက်ခံချက်နှင့် အသံဖိုင် ကို ထပ်မံပေးပို့ခဲ့ကြောင်း သိရှိရပါသည်။ ၅-၈-၂၀၂၄ ရက်နေ့တွင် ယူနက်စကိုမှ ထပ်မံမေးမြန်းလာသည့် မေးခွန်းနှစ်ခုအား အင်္ဂလိပ်၊ ပြင်သစ်နှစ်ဘာသာဖြင့် ရေးသားဖြေဆို၍ ၅-၈-၂၀၂၄ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိပါသည်။
 
မြန်မာပြည်သူအများစု မသိရှိသည့် အချက်မှာ ထိုသို့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်စာရင်းအတွက် အဆိုပြုတင်သွင်းရာတွင် ယူနက်စကိုအနေဖြင့် အစိုးရ မဟုတ်သော အရပ်ဘက်ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူတို့ ၏ ကိုယ်တိုင်တင်ပြလျှောက်ထားချက် များကိုသာ လက်ခံ၍ ဆုံးဖြတ်ဆောင်ရွက် ခြင်းပင် ဖြစ်ပါသည်။ ယူနက်စကို၏ စည်းမျဉ်းများအရ အစိုးရအနေဖြင့် တိုက်ရိုက် လျှောက်ထားလုပ်ကိုင်၍ မရသဖြင့် အစိုးရဌာနဆိုင်ရာများသည် တင်ပြလျှောက်ထားရာတွင် လိုအပ်သော အချက်အလက်များကိုကူညီ၍ ရှာဖွေြုစုပေးခြင်း၊ ရုံးလုပ်ငန်းဆိုင်ရာကိစ္စများနှင့် အခြားလိုအပ်သော အရင်းအမြစ်များ ကူညီထောက်ပံ့ပေးခြင်း စသည့် ပံ့ပိုးကူညီမှုများကိုသာလျှင် ဆောင်ရွက်ပေး နိုင်ပါသည်။ ယခုကဲ့သို့ MCHT ဦးဆောင်သော  မြန်မာကိုယ်စားလှယ် အဖွဲ့၏  ကြိုးပမ်းဆောင်ရွက်မှုများတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကဲ့သို့ နိုင်ငံတော်အစိုးရ ဌာနဆိုင်ရာများ၏ အကူအညီပေးမှုများလည်း ပါဝင်နေကြောင်းကို ကြားသိရပါသည်။

နိုင်ငံအသီးသီးတို့၏ ဒြပ်မဲ့ယဉ်ကျေး မှုများသည် တူညီမှုရှိသကဲ့သို့ ကွဲပြား ခြားနားမှုများလည်း ရှိပါသည်။ နိုင်ငံအသီးသီးရှိ ဒြပ်မဲ့ယဉ်ကျေးမှုများကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် ယူနက်စကိုအဖွဲ့ကြီးသည် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တို ဘာလ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အထွေထွေအစည်း အဝေး၌ ၂၀၀၃ ခုနှစ်၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ ပဋိညာဉ်စာချုပ် (2003 Convention for the Safeguarding of the Intangible Cultural Heritage) ကို ရေးဆွဲချမှတ်ခဲ့ပြီး ယခုအခါ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံ ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။

၂၀၀၃ ကွန်ဗင်းရှင်း သတ်မှတ်ချက်အရ ဒြပ်မဲ့ယဉ်ကျေးမှုတွင် နယ်ပယ်ငါးခု ပါဝင်ပြီး

(က)    ပါးစပ်ရာဇဝင်နှင့် ဖော်ပြချက်များ၊ ဘာသာစကားများ

(ခ)    ဖျော်ဖြေတင်ဆက်မှု အနုပညာများ

(ဂ)    လူမှုရေးအစဉ်အလာ အလေ့အထများ၊ ရိုးရာဓလေ့များနှင့် ပွဲတော်များ

(ဃ)     သဘာဝနှင့် စကြဝဠာဆိုင်ရာ ဗဟုသုတနှင့် ရိုးရာအစဉ် အလာဓလေ့များ

(င)    ရိုးရာလက်မှု ပညာရပ်များ ပါဝင်ပါသည်။

ယခုမြန်မာ့ရိုးရာ အတာသင်္ကြန်ကိုသာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် သတ်မှတ်ခြင်းကို ခံခဲ့ရမည်ဆိုလျှင် မြန်မာနိုင်ငံအတွက် ပထမဆုံး ယူနက် စကို ICH စာရင်းဝင်ခဲ့သည့် ဒြပ်မဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။ သို့သော် ပထမဆုံးတင်သွင်းခဲ့ ခြင်းတော့ မဟုတ်ခဲ့ချေ။ မြန်မာ့ရိုးရာ သနပ်ခါးကို ယူနက်စကို ICH စာရင်းဝင် အဖြစ်သို့ လျှောက်ထားရန် ၂၀၁၉ ခုနှစ် ကတည်းက ကြိုးပမ်းခဲ့ကြပြီး ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၃ ရက်နေ့ကတည်း က ယူနက်စကိုသို့ တင်ပြထားခဲ့သော် လည်း ယနေ့အထိ တိုးတက်မှုမရှိသေးကြောင်း သိရှိခဲ့ရပါသည်။ မြန်မာ့ရိုးရာ အတာသင်္ကြန်ကဲ့သို့ပင် သနပ်ခါးဟူသည် မြန်မာလူမျိုးအများစု နေ့စဉ်လိမ်းကျံ အလှဆင်ကြသည့် ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံ တည်း၌သာရှိသည့် မြန်မာ့ယဉ်ကျေးမှုစစ်စစ် ဖြစ်ပါသည်။ ထို့ကြောင့် ထိုသို့ တိုးတက်မှုမရှိခြင်းအပေါ် ပြန်လည်သုံးသပ်၍ ပြင်ဆင်တင်ပြသင့်ပါကြောင်း အကြံပြု တင်ပြလိုပါသည်။ 

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်နှင့် သနပ်ခါးကဲ့သို့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ၌ မျက်မြင်အားဖြင့် အကောင်အထည်မဖော်ပြနိုင်ဘဲ မြန်မာ တိုင်းရင်းသားတို့၏ နှလုံးသား၌ စွဲကျန်နေသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် များ များစွာရှိပါသည်။ တစ်နည်းအားဖြင့် မျိုးဆက်တစ်ခုမှ တစ်ခုထံသို့ ယဉ်ကျေးမှု အမွေအနှစ်များကို နှုတ်ဖြင့်ဖြစ်စေ၊ လက်တွေ့သင်ကြားပေးခြင်းဖြင့်ဖြစ်စေ၊ မှတ်တမ်းမှတ်ရာများ ထားရှိပေး၍ဖြစ်စေ ရှေးယခင်မှ ယခုမျက်မှောက်ကာလအထိ ဆင့်ကဲဆင့်ကဲ ရောက်ရှိလာခြင်းသည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပေါ်ထွန်း လာခြင်းပင်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝန်းတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း စုစုပေါင်း ၂၂၈၉ ခုကို မှတ်တမ်းကောက်ယူပြီး ဖြစ်ကြောင်း သိရှိရပါသည်။ ယခု MCHT ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှု နည်းလမ်း များသည် မြန်မာတိုင်းရင်းသားအများစု လက်လှမ်းမီ၍ လိုက်ပါလုပ်ဆောင်နိုင်သော လုပ်ငန်းစဉ်များပင် ဖြစ်ပါသည်။

ထို့ကြောင့် မြန်မာ့တိုင်းရင်းသား မျိုးနွယ်တို့၏ မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းကြသည့် ရိုးရာဓလေ့ထုံးစံများနှင့် ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ပြပွဲများပြုလုပ်ခြင်း၊ ပြတိုက်များတွင် ပြသခြင်း၊ စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းများကို ဆောင်ရွက်ခြင်းကဲ့သို့ နည်းလမ်းများဖြင့် ရိုးရာယဉ်ကျေးမှုကို ဆက်လက်ရှင်သန်အောင် အားပေးဆောင်ရွက်ကြရန် လိုအပ်လျက်ရှိပါသည်။ မိမိတို့၏ ဒေသနှင့် ဓလေ့ထုံးစံများ အလိုက် ထိန်းသိမ်းစောင့်ရှောက်ရမည့် ဒြပ်မဲ့ယဉ်ကျေးမှုများကို ဒေသအဆင့်မှ နိုင်ငံတော်အဆင့်၊ ထိုမှတစ်ဆင့် ကမ္ဘာ့ အမွေအနှစ်အဆင့် အထိရောက်အောင် တက်လှမ်းရာတွင် ဒေသခံပြည်သူများ၏ အခန်းကဏ္ဍသည်သာ အခရာဖြစ်ပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနကဲ့သို့ နိုင်ငံတော်အစိုးရ၏ ဌာနဆိုင်ရာများမှလည်း ထောက်ပံ့ကူညီ ပေးလျက်ရှိကြောင်း ဝမ်းမြောက်ဖွယ် ကြားသိရပါသည်။ အချုပ်အားဖြင့်ဆို ရလျှင် မြန်မာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေး မှုများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းသည် နိုင်ငံသားအားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်သည့် အမျိုးသားရေး တာဝန်တစ်ရပ်ပင် ဖြစ်ကြောင်း ဤဆောင်းပါးဖြင့် အကြုံပြု တင်ပြလိုက်ရပါသည်။ ။