ရန်ကုန် ၂၅  မေ

 

ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံတဝန်းတွင် ဖြစ်ပွားမှုကြောင့် နိုင်ငံတကာတွင် အခက်အခဲကြုံတွေ့နေရသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်လျက်ရှိရာ မြန်မာ အမျိုးသားလေကြောင်း (MNA)မှ လေယာဉ်များဖြင့်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများအား သွားရောက် ခေါ်ဆောင်ပေးလျက်ရှိကြောင်း မြန်မာအမျိုးသားလေကြောင်း(MNA)၊ စီးပွားရေးဌာနမှ သိရသည်။ 

 

ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာအမျိုးသားလေကြောင်း (MNA)မှ ပြည်တွင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးခြင်း၊ Relief Flights များဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ပေးခြင်းနှင့် ထောက်ပံ့ရေးလှူဒါန်းပစ္စည်းများ ကူညီသယ်ယူပို့ဆောင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ Relief Flightsများဖြင့် မေလ (၇) ရက်၊ (၉) ရက်၊ (၁၃) ရက်၊ (၁၆) ရက်၊ (၂၁) ရက်များတွင် ရန်ကုန် - စင်ကာပူ- ရန်ကုန်၊ မေလ (၁၂) ရက်တွင် ရန်ကုန် - ဘန် ကောက် - ရန်ကုန် ၊ မေလ (၁၉) ရက်တွင် ရန်ကုန် - နယူးဒေလီ-ရန်ကုန်နှင့် မေလ (၂၄) ရက်တွင် ရန်ကုန်-ချန်နိုင်း - ရန်ကုန် ခရီးစဉ်များပြေးဆွဲပေးခဲ့ပြီး မေလ (၂၇) ရက်တွင် ရန်ကုန် -ဂါယာ- ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲသွားမည်ဖြစ်သည်။ 

 


"လူမှုရေးအကျိုးပြုအနေနဲ့ကတော့ သက်ဆိုင်ရာနိုင်ငံ ရှိသံရုံးများနဲ့ ညှိနှိုင်း ဆောင်ရွက်ပြီးတော့ Relief flights အနေနဲ့ စင်ကာပူကိုလဲ ပျံသန်းဆွဲပေးပါတယ်။ ဘန်ကောက်က တစ်ကြိမ်ဆွဲပြီးပြီ။ စင်ကာပူ ကိုတော့ ငါးကြိမ်မြောက်ဆွဲ ပေးပြီးပါပြီ။ ပြီးတော့ အိန္ဒိယအနေနဲ့ နယူးဒေလီနဲ့ ချန်နိုင်းကိုပြေးဆွဲပြီး ဖြစ်ပါတယ်။ ဂါယာခရီးစဉ်ကို မေလ (၂၉)ရက်နေ့ ပြေးဆွဲပေးဖို့ အစီအစဉ်ရှိတယ်။ လောလောဆယ်တော့ အိန္ဒိယဘက်ကို သံရုံးနဲ့ ဆက်သွယ်ပြီးတော့ လုပ်ပေးနေပါတယ်။ ကယ်ဆယ်ရေး flights တွေတော့ ရှိပါတယ်။ ထပ်မံပြေးဆွဲဖို့က သံရုံးတွေနဲ့ညှိနှိုင်း ဆောင်ရွက်နေတုန်းပါပဲ " ဟု မြန်မာအမျိုးသားကြောင်းလိုင်း (MNA)၊ စီးပွားရေးဌာနမှ Marketing Supervisor မခိုင်ခိုင်ကျော်က ပြောသည်။ 

 

ထို့ပြင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ Relief Flights များဖြင့် COVID-19 နှင့် ပတ်သက်သော ထောက်ပံ့ရေး လှူဒါန်းပစ္စည်းများအား အခမဲ့ဖြင့် မေလ(၇) ရက် ရန်ကုန် - စင်ကာပူ - ရန်ကုန် ခရီးစဉ်တွင် ကုန်ပစ္စည်းအရေအတွက် (၂၆) ခု (ကုန်တန်ချိန် ၂၈၁ ကီလိုဂရမ်) ၊ မေ (၉) ရက် ရန်ကုန် - စင်ကာပူ - ရန်ကုန် ခရီးစဉ်တွင် ကုန်ပစ္စည်း အရေအတွက် (၄) ခု (ကုန်တန်ချိန် ၂၆ ကီလိုဂရမ်) ၊ မေလ (၁၃) ရက်တွင် ရန်ကုန် - စင်ကာပူ - ရန်ကုန် ခရီးစဉ်တွင် ပစ္စည်းအရေအတွက် (၄) ခု (ကုန်တန်ချိန် ၂၇ ကီလိုဂရမ်) နှင့်မေလ (၁၆) ရက် ရန်ကုန် - စင်ကာပူ - ရန်ကုန် ခရီးစဉ်တွင်ပစ္စည်း အရေအတွက် (၄) ခု (ကုန်တန် ချိန် ၂၂ ကီလိုဂရမ်) တို့အားကူညီသယ်ဆောင်ပေးခဲ့ကြောင်းသိရသည်။ 

 

" Cargo အနေနဲ့ဆိုရင်တော့ လောလောဆယ် ဘန်ကောက်ကိုတော့ လူမပါပဲ ပစ္စည်းချည်းပဲပို့ပေးတဲ့ Charter Cargo ရှိတယ်။ ပြီးရင် စင်ကာပူကကျတော့ relief flight တွေဆွဲနေတဲ့အချိန်မှာ Cargo တင်ချင်တယ်ဆိုရင် တင်ပေးတယ် ပို့ပေးတယ်။ ဒါကတော့ ပြည်ပပါ။ ပြည်တွင်းတွေမှာကျတော့ အခုပြေးဆွဲနေတဲ့နေရာတွေမှာ Cargo တင်ချင် တယ်ဆိုရင် Local Cargo Department ကိုဆက်သွယ်ပြီးတင်လို့ရတယ် "ဟု မခိုင်ခိုင်ကျော် က ပြောသည်။ 

 

မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်သော ခရီးသည်များနှင့် ထောင်ပံ့ရေး လှူဒါန်းပစ္စည်းများအား ပြည်တွင်းခရီးစဉ်များဖြစ်သည့် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မြစ်ကြီး နား၊ ပူတာအို၊ ကလေး၊ ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ မြို့များသို့ ခရီးသည် စုစုပေါင်း (၅၉) ဦးနှင့် ကုန်ပစ္စည်းတန်ချိန် စုစုပေါင်း (၅၄၅) ကီလိုဂရမ် တို့အား အခမဲ့ သယ်ယူပို့ဆောင်ပေးခဲ့ပြီး မေ ၂၈ ရက်တွင်လည်း ရန်ကုန် - စင်ကာပူ - ရန်ကုန် ကုန်တင် လေယာဉ်ခရီးစဉ်ကို ပြေးဆွဲသွားမည်ဖြစ်သည်။

 

(ပို့/ဆက်)