ကော့သောင်း ၂ မေ
နိုင်ငံနှစ်အဝှမ်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ခရီးသွားလာမှု မော်တော်ယာဉ်လိုင်းများနှင့် လေကြောင်းလိုင်းများ ယာယီပိတ်သိမ်းထားရာမှ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရန် လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုကို ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ် ပျံသန်းပြေးဆွဲပေးနေပြီဖြစ်ရာ မြန်မာ့အမျိုးသားလေကြောင်းလိုင်း ခရီးစဉ် ကော့သောင်းမြို့သို့ မေ ၂ ရက်နေ့မွန်းလွဲပိုင်းတွင် စတင်ဆိုက်ရောက်ဆင်းသက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ကော့သောင်းမြို့သို့ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိမြို့များမှ လိုက်ပါလာမည့်ခရီးသည်များမှလွဲ၍ ရန်ကုန်မြို့မှ လိုက်ပါစီးနင်းလာမည့် ခရီးသွားပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး Community Base Facility Quarantine Center များတွင် Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက်နေထိုင်စောင့်ကြည့်စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်းသိရသည်။
အလားတူ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက လေယာဉ်ပေါ်ပါခရီးသည်များအားလုံးကို စနစ်တကျ ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မေးမြန်း စာရင်းရေးသွင်းခြင်းများ ဆောင်ရွက်ပြီး ကိုယ်အပူချိန်မြင့်မားသူများနှင့် ရောဂါ သံသယ ဖြစ်ဖွယ်အခြေအနေများ စစ်ဆေးတွေ့ရှိရပါက ကျန်းမာရေးဌာန၏ ဆုံးဖြတ်ချက်ဖြင့် သက်ဆိုင်ရာ Facility Quarantine စခန်းများ တွင်စောင့်ကြည့်မှုခံယူရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအရပ်ရပ်မှ ပြည်ထောင်စုလမ်းမကြီးအတိုင်း ကော့သောင်းမြို့အထိ မော်တော်ကားလမ်း ဖြင့် အန္တရာယ်ကင်းရှင်းစွာ နေ့ညအချိန်မရွေး ကောင်းမွန်စွာသွားလာနိုင်သော်လည်း စီးနင်း လာရောက် ရမည့် အချိန် ကြာမြင့်လွန်းသဖြင့် အချိန်တိုအတွင်း သွားရောက်လိုသည့်ပြည်သူ အများစုက ကုန်ကျစရိတ်ကွာခြားမှု ရှိသော်လည်း လေကြောင်းလိုင်းကို ရွေးချယ်အသုံးပြု သွားလာကြခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် တနင်္သာရီတိုင်းအတွင်းနှင့် အခြားတိုင်းနှင့်ပြည်နယ်များမှ ခရီးသည်တင်မော်တော်ယာဉ်လိုင်းများ အားလုံး ဖြတ်သန်း ဝင်ရောက်ပြေးဆွဲမှုကို မေ ၁၅ ရက်နေ့အထိ တားမြစ်ပိတ်သိမ်းထားကြောင်းလည်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုခရီးစဉ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ဧပြီ ၃၀ ရက်အထိ ပျံသန်းပြေးဆွဲမှုများကို ယာယီ ရပ်ဆိုင်းထားခဲ့ရာမှ ယခုအခါ နေ့စဉ် ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်းခရီးစဉ်ကို ပုံမှန်အတိုင်း ပြန်လည် ပျံသန်းပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


