ရန်ကုန် ၂၅ ဇွန်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းခရီးစဉ်တစ်ခုဖြစ်သော ရန်ကုန်-မကွေး-ရန်ကုန် လေကြောင်းလိုင်း စတင်ပျံသန်းခြင်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက မကွေးလေဆိပ်ခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မြန်မာအမျိုးသားလေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် ကပ္ပတိန်ဦးသန်းထွန်းတို့ အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးနွယ်ဦးနှင့် တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
“ကျွန်တော်တို့ မကွေးမြို့နဲ့ တိုင်းဒေသကြီးအတွက် သယ်ယူပို့ဆောင်ရေးသမိုင်းမှာ မှတ်တိုင်တစ်ခုလို့ ပြောချင်ပါတယ်။ တချို့ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ ဆိုလာစွမ်းအင်ကိစ္စနဲ့ ဒီမှာ နှမ်းစိုက်ခြင်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေလာတယ်။ ရန်ကုန်ကနေကားနဲ့လာတော့ အချိန်တွေအများကြီးကုန်တယ်။ အခုဆိုရင် လေယာဉ်နဲ့တစ်နာရီပဲ စီးရတယ်။ ဒါ့ကြောင့် ကျန်းမာရေး စီးပွားရေး လူမှုရေးအတွက် ပြည်သူများ ပိုပြီး အဆင်ပြေလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အရင်ကမကွေးမှာ လေယာဉ်ဆင်းဖို့ကြိုးစားလာတာ ကြာခဲ့ပါပြီ။ အခုမှ ကြိုးစားအကောင်အထည်ဖော်ခဲ့လို့ ဝမ်းသာပီတိဖြစ်ရပါတယ်”ဟု ဝန်ကြီးချုပ်ဦးအောင်မိုးညိုက ပြောသည်။
“ကျွန်တော် အရင်က မကွေးနဲ့ရန်ကုန်ကို ကားနဲ့ ၁၀ နာရီလောက်သွားနေရတဲ့ အခြေကနေ အခုလို လေယာဉ်နဲ့ တစ်နာရီပဲကြာတော့ အဆင်ပြေပါတယ်။ လူမှုရေးကျန်းမာရေးရှိတဲ့သူတွေ အဆင်ပြေမှာပါ။ ဒါပေမယ့် စီးတဲ့ခရီးသည်တွေအပေါ်မူတည်ပြီး ရက်များမျာပြေးဆွဲနိုင်ရင် ပိုကောင်းပါတယ်”ဟု မကွေးမြို့မှ ရန်ကုန်သို့ စီးနင်းလိုက်ပါသူ ဦးနေဝင်းက ပြောသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ မကွေးမြို့သို့ တစ်ပတ်လျှင် အင်္ဂါနှင့်စနေနေ့ ပျံသန်းပြေးဆွဲမည်ဖြစ်သည်။ ရန်ကုန်မြို့မှ နံနက် ၆ နာရီခွဲတွင် ထွက်ခွာပြီး မကွေးမြို့သို့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ မကွေးလေဆိပ်မှ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် ထွက်ခွာ၍ ရန်ကုန်မြို့သို့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မကွေးလေဆိပ်သည် ၂၀ဝ၀-၂၀ဝ၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀ဝ၃ ခုနှစ်တွင် လေယာဉ်ကွင်းစတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ခရီးစဉ်များ စတင်ပြေးဆွဲခဲ့သည်။ ယင်းလေယာဉ်ကွင်းသည် ၂၀ဝ၃ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်အတွင်း လေယာဉ်များပြေးဆွဲအသုံးပြုခဲ့ပြီး စီးနင်းသည့်ခရီးသည် နည်းပါးသည့်အတွက် ခရီးစဉ်များရပ်နားခဲ့ရသည်။ ယခုအခါ မြန်မာအမျိုးသားလေကြောင်းမှ အပတ်စဉ် အင်္ဂါနှင့် စနေနေ့များတွင် တစ်ပတ်လျှင်နှစ်ကြိမ် ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး ပြည်တွင်း ၂၈ မြို့တွင်လည်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ- အာကာစိုး


