မောင်မိုးယံ
နှစ် ၁၀ဝ ဆိုသော သက်တမ်းသည် လူ့ဘဝခရီးတွင်အရှည်ဆုံးသောသက်တမ်းဟုပြောနိုင်သလို လူတစ်ရာ တွင် တစ်ယောက်ရနိုင်ခဲသော အခွင့်အရေးလည်းဖြစ်သည်။ ထိုနှစ် ၁၀ဝ သက်တမ်းအတွင်း ထူးထူးခြားခြား ထင်ထင်ရှားရှားကြုံတွေ့ခွင့်ရသည့် သမိုင်းဖြစ်စဉ်များ အနက် မိမိတို့ဘဝကိုကျေးဇူးပြုခဲ့သော၊ မိမိတို့ဘဝကိုမြေတောင်မြှောက်ပေးခဲ့သော စာသင်ကျောင်းများ၏သမိုင်းကို ကြုံတွေ့ရန်ခက်ခဲလှပါသည်။
ထိုနှစ် ၁၀ဝ သက်တမ်းရှိပြီး သမိုင်းတွင်သည့်အထိမ်းအမှတ် ရုပ်ဝတ္ထုပစ္စည်းများအနက် လူငယ်များစွာကို စဉ်ဆက်မပြတ်အကျိုးပြုနေဆဲဖြစ်သော မြို့မ အမျိုးသားအထက်တန်းကျောင်းကြီးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ရာပြည့်သဘင်ပွဲကျရောက်တော့မည်ဖြစ်ပါသည်။ နှစ် ၁၀ဝ သက်တမ်းပြည့်မြောက်မည့် မြို့မအမျိုးသားကျောင်းပေါ်ပေါက်လာပုံကလည်း ထူးခြားသည်။ ပိုက်ဆံရှိ၍ ကျောင်းဆောက်ကာ အစစ အရာရာပြည့်စုံသော ကျောင်းသုံးပရိဘောဂ၊ ဆရာ ဆရာမများဖြင့် ကျောင်းသားများကို အခကြေးငွေယူကာ ပညာသင်ကြားပေးသော ကျောင်းမျိုး၊ ကိုယ်ပိုင်ကျောင်းမျိုးမဟုတ်ပါ။ ၁၉၂၀ ပြည့်နှစ်ကာလ မြန်မာတို့ကျွန်ဘဝကျရောက်နေစဉ် အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တို့က သူတို့ ဖွင့်လှစ်တည်ထောင်ခဲ့သော ယုဒသန်ကောလိပ်နှင့် ထပ်မံဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်တို့၏ တက္ကသိုလ်အက်ဥပဒေပြဋ္ဌာန်းမှုအပေါ် မြန်မာကျောင်းသားထုက မကျေနပ်၍ကန့်ကွက်ရာ မှ ပေါ်ပေါက်လာရသော အမျိုးသားပညာရေးကျောင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ်နှင့် ယုဒသန်ကောလိပ်တွင်တက်ရောက်နေသာ မြန်မာကျောင်းသားတို့သည်၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် ဗုဒ ̈ဟူးနေ့တွင်ဗြိတိသျှအစိုးရ၏ တက္ကသိုလ်ဥပဒေကို ကန့်ကွက်နေ သည့်ကြားမှ အစိုးရက ပြဋ္ဌာန်းခဲ့သည်။ ထိုအတည်ပြု ပြဋ္ဌာန်းမှုကို သပိတ်မှောက်ကာ ကောလိပ်ကျောင်းသား တို့က ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့တွင် ကျောင်းကိုစွန့်ခွာ၍ ရွှေတိဂုံဘုရား အနောက်တောင်ထောင့်တွင် စတင်စုဝေး သပိတ်မှောက်ဆန္ဒပြ ခဲ့ကြသည်။
ထိုသို့အမျိုးသားပညာရေး စတင်ပေါက်ဖွားရန်အတွက် သပိတ်မှောက်ကျောင်းသားတို့က မြန်မာ သက္ကရာ ဇ် ၁၂၈၂ ခုနှစ် နတ်တော်လဆန်း ၇ ရက်( ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့) နံနက် ၁၁ နာရီတွင် ရွှေတိဂုံဘုရားအရှေ့ဘက် ဗဟန်းကြားတောရ လမ်းရှိ ဦးအရိယကျောင်းတွင် သပိတ်စခန်းဖွင့်ကာအမျိုးသားကျောင်းကို စတင်ထူထောင်ခဲ့ကြသည်။ အမျိုးသားပညာရေးကျောင်းအစ ဦးအရိယဘုန်းကြီး ကျောင်းကဟု ဆိုစမှတ်ဖြစ်ခဲ့သည်။ ဆိုချင်သည်မှာ မြို့မ အမျိုးသားကျောင်းကြီးသည်လည်း ၁၉၂၀ ပြည့်နှစ်ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်ပေါ်ပေါက်ခဲ့ရာ နှစ်၁၀ဝ သက်တမ်းသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်ပါသည်။
မြို့မအမျိုးသားကျောင်းကြီးပေါ်ပေါက်လာရခြင်းသည်၁၉၂၀ ပြည့်နှစ် ကောလိပ်ကျောင်းသားသပိတ်အမျိုးသားရေးနိုးကြားအြွုံကမှုမှ စတင်ခဲ့သည်ဟုဆိုရာ အမျိုးသားပညာရေးလှုပ်ရှားမှုသည် လွတ်လပ်ရေးကြိုးပမ်း မှုသမိုင်းဖြစ်ပါသည်။ လွတ်လပ်ရေးရရှိရန် ဆောင်ရွက်နေဆဲကာလတွင် မြန်မာမျိုးချစ်ခေါင်ဆောင်များစွာက နေရာဒေသများစွာမှ ရရာလက်နက်ကို စွဲကိုင်ကာ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြသည်။ ထိုကာလအတွင်း ဗြိတိသျှအစိုးရက ဒိုင်အာခီအုပ်ချုပ်ရေးကို ၁၉၂၀ ပြည့်နှစ်တွင်ပြဋ္ဌာန်းခဲ့ရာ ကောလိပ်ကျောင်းသားတို့ကလက်မခံကြဘဲ ဟုမ္မရူး(Home Rule) အုပ်ချုပ်ရေး ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် ၁၉၂၁ ခုနှစ် အောက်တိုဘာလ တွင်ကျင်းပသော ဂျီစီဘီအေအသင်း အစည်းအဝေးတွင်ဒိုင်အာခီကို သပိတ်မှောက်ပြီး ဟုမ္မရူးကို တောင်းဆိုခဲ့ကြသည်။
မြန်မာမျိုးချစ်လူငယ်ကျောင်းသားတို့သည် အင်္ဂလိပ်၏ မတရားဖိနှိပ်ချုပ်ချယ်သော အုပ်ချုပ်ရေးနှင့် မတရား အနိုင်ကျင့်ရေးဆွဲသော တက္ကသိုလ်အက်ဥပဒေကိုဆန့်ကျင်သပိတ်မှောက်ကြပြီး အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နိုးကြားလာစေရန် ဦးဘစော၊ ဦးပု၊ ဦးသိန်းအောင် စသည့် ၂၁ ဦးသော ခေါင်းဆောင်တို့က တိုက်ပွဲဝင်ခဲ့သည်။ အင်္ဂလိပ်အစိုးရဖွင့်လှစ်သော ကျောင်း များကို မတက်ရန်နှင့် မိမိတို့ ကိုယ်ပိုင်အမျိုးသားပညာ ရေးကျောင်းကို ထူထောင်မည်ဆိုသော လှုံ့ဆော်မှုဖြင့်အမျိုးသားအထက်တန်းကျောင်းကို ဦးအရိယ ကျောင်းမှ စတင်ရာ ြ မို့နယ်နေရာ ဒေသအနှံ့ ကျောင်း ပေါင်း ၉၃ ကျောင်းအထိ ပေါ်ပေါက်လာခဲ့ပါသည်။ ထိုသို့အမျိုးသားကျောင်းများ စတင်ဖွင့်လှစ်ကြသည့်အနက်ရန်ကုန်မြို့ မြို့မ အမျိုးသားအထက်တန်းကျောင်း ပေါ်ပေါက်လာပုံက အဆင့်ဆင့်ကြိုးပမ်းခဲ့ကြရကြောင်း သိရသည်။
အမျိုးသားအထက်တန်းကျောင်းအဖြစ် ဦးအရိယ ကျောင်းတွင် ဖွင့်လှစ်ရာ မှ နေရာဒေသအသီးသီးတွင်ဖွင့်လှစ်နိုင်ရန် အမျိုးသားစိတ်ဓာတ်ပြင်းထန်သူ ကျောင်း သားများအနက် အင်္ဂလိပ်အစိုးရ၏ ဝန်ထမ်း၊ မြို့အုပ်ဘဝမှထွက်ကာ အမျိုးသားကျောင်းဆရာအဖြစ်၊ ဆရာဦးဘချို (ဒီးဒုတ်ဦးဘချို)နှင့် ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း)တို့သည် မိမိတို့ရရှိသော လစာအခွင့်အရေးကိုစွန့်ကာ အမျိုးသားကျောင်းများ စတင်ထူထောင်ခဲ့ကြသည်။ အင်္ဂလိပ်ပေးသော ကျောင်းဆရာလစာ ၂၀ဝ $ ကျပ်ကိုစွန့်ပြီး မိမိတို့ကို စေတနာသဒ္ဓါအရထောက်ပံ့ကြေးငွေ ၁၅ ကျပ်၊ ၂၀ ကိုသာယူပြီး အမျိုးသားပညာရေးကို မြေတောင်မြှောက် ထူထောင်ခဲ့ကြသည်။ ထိုကျောင်းများအနက် မြို့မ အမျိုးသားကျောင်းသည် တက္ကသိုလ်သပိတ်တွင် ပါဝင်ခဲ့သော ဆရာဦးစံထွားတို့၏ ပြုစုပျိုးထောင်မှုအရ ဦးအရိယ ကျောင်းမှတစ်ဆင့် နေရာအဆင့်ဆင့် ပြောင်းရွှေ့သင်ကြားခဲ့ရသည်။
မြို့မအမျိုးသားကျောင်းသည် ၁၉၂၀ ပြည့်နှစ်ဒီဇင်ဘာလတွင် ဦးအရိယကျောင်း၌ စတင်ဖွင့်လှစ်ပြီး ၎င်းမှ ၁၉၂၁ ခုနှစ်တွင် လမ်းမတော်မြို့နယ် သရကတောကျောင်းတိုက် မှန်ကင်းကျောင်း၊ ၎င်းနောက်ယောက်လမ်း (ယခု ယောမင်းကြီးလမ်း)၊ ၎င်းမှ ၁၉၂၃ ခုနှစ် မေလတွင် ရွှေတိဂုံဘုရားအနောက်ဘက် ဦးဝိစာရ လမ်းပေါ်ရှိ ဂေါ်ဒွင်အင်္ဂလိပ်စစ်တန်းလျား၊ ၎င်းမှ ၁၉၂၃ ခုနှစ် နိုဝင်ဘာလတွင် ပြည်လမ်းရှိ (ယခု ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး လွှတ်တော်နေရာရှိ) အင်္ဂလိပ်စစ်တန်းလျား၊ ကင့်ဘဲလ်လိုင်း၊ ၎င်းမှ ၁၉၂၄ ခုနှစ်တွင် (ယခင်ဘွိုင်းလမ်း ယခုဦးဝိစာရလမ်း) YMCA စစ်တပ်ရုံးအနီးရှိ မစ္စတာမီ၏ တိုက်အိမ်ကြီးတွင် တစ်လကျပ် ၆၀ဝ ဖြင့် ငှားရမ်း ဖွင့်လှစ်ရာ မှ ယခု ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ ပင်မ အဆောက်အဦကြီးကို ၁၉၂၉ ခုနှစ်တွင် ဆောက်လုပ်ပြီး ၁၉၃၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ထို့အတူ မြို့မအမျိုးသားအထက်တန်းကျောင်းနှင့်မောင်နှမကျောင်းအဖြစ် မြို့မအမျိုးသမီးအထက်တန်း ကျောင်းသည်လည်း မျိုးချစ်စိတ်ပြင်းထန်သော စိန့်မေရီ(ယခု အထက (၁) ပန်းဘဲတန်း) ကျောင်း အမျိုးသမီး ကျောင်းသူ မစီသည် ၁၉၂၀ ပြည့်နှစ် ကျောင်းသား သပိတ်တွင် ပါဝင်ခဲ့ပြီး အင်္ဂလိပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှုကို လက်မခံဘဲ မြို့မမိန်းကလေးကျောင်းကို ၁၉၂၁ ခုနှစ်ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ (၃၂)လမ်းရှိအိမ်တစ်အိမ်ကို ငှားရမ်းဖွင့်လှစ်ခဲ့ပါသည်။ မပြည့်မစုံနှင့်အစစဆင်းရဲစွာ ဖွင့်လှစ်ရသောကျောင်းတွင် စိန့်မေရီကျောင်း(ပန်းဘဲတန်း)မှ ဆရာမ ဒေါ်နှင်းလွင်ကို စည်းရုံး ကာ ကျောင်းအုပ်အဖြစ်ခန့်အပ်ပြီး ကျောင်းစဖွင့်ခဲ့သည်။ ဖွင့်ခါစ အခက်အခဲများစွာဖြင့် ရုန်းကန်လှုပ်ရှားခဲ့ကြရာ ၁၉၃၅ ခုနှစ်တွင် ရန်ကုန်မြို့ ကင့်မ်(Camp) လမ်းသို့ပြောင်းရွှေ့ဖွင့်လှစ်ကြပါသည်။ အိမ်တစ်အိမ်ကိုငှားပြီး ဖွင့်ရာ မှ ဒဂုံမြို့နယ် အမှတ် (၁၄) တင့်ခ်လမ်း (ယခုသံတမန်လမ်း)ရှိ နှစ်ထပ်အဆောက်အဦကိုပြောင်းရွှေ့ဖွင့်ခဲ့ကြပြီး မြို့မမိန်းကလေးကျောင်းကြီး ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ မြို့မ အမျိုးသမီးကျောင်းသည် ၁၉၂၁ ခုနှစ် ကျောက်တံတား မြို့နယ် (၃၂) လမ်း၌ ဖွင့်လှစ်စဉ် ရပ်ကွက်ထဲမှ ကုမ္မာရီပရဟိတအမျိုးသမီးအဖွဲ့နှင့်အတူ အလှူခံပြီး ကျောင်း၏ လိုအပ်ချက်များကို ကျောင်းသားနှင့် ဆရာမများကြိုးပမ်း ခဲ့ကြသလို ၁၉၂၃ ခုနှစ်တွင် တင့်ခ်(Tint Road) ရှိမြို့မအမျိုးသမီးကျောင်းကြီး ဖွင့်လှစ်နိုင်ရေးအတွက်ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီဟော (စစ်သမိုင်းပြတိုက်နေရာဟောင်း)တွင် ဆရာမများနှင့် ကျောင်းသူတို့ပူးပေါင်းကာ ပြဇာတ်ကပြီး ရန်ပုံငွေအလှူငွေရရှိရေး ဆောင်ရွက်ခဲ့ကြသည်။
ဆိုရသော် မြို့မအမျိုးသားကျောင်းနှင့် မြို့မ အမျိုးသမီးမောင်နှမကျောင်းနှစ်ကျောင်းသည် ၁၉၂၀ ပြည့်နှစ်မှစ၍ ငွေကြေးသြဇာ အရှိန်အဝါဖြင့် လွယ်လွယ်ကူကူ ပေါ်ပေါက်လာရခြင်းမဟုတ်ဘဲ အဆင့်ဆင့်သော အခက်အခဲများကို ကျော်ဖြတ်၍ မျိုးချစ်စိတ်ကို အခြေခံကာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ မြို့မကျောင်းကြီး ရေရှည်တည်တံ့နိုင်ရေးနှင့် အမျိုးသားပညာရေးစနစ်ကိုမျိုးစေ့ချပေးခဲ့သော ပုဂ္ဂိ်ုလ်မှာ မြို့မဖခင်ကြီးဟု ဆိုအပသော ကျောင်းအုပ်ဆရာကြီး ဦးဘလွင် ဖြစ်သည်။
ဆရာကြီးသည် မြို့မကျောင်းကြီးကို ယခုတည်ဆောက်ထားသောနေရာတွင် ရရှိရေးအတွက် အင်္ဂလိပ်အစိုးရထံသို့နည်းပရိယာယ်မျိုးစုံဖြင့် ချဉ်းကပ်ကာ ကြိုးပမ်းခဲ့သည်။ ဤကျောင်းနေရာသည် ယခင်က တပ်မြေဖြစ်သည်။ ၁၉၂၆ ခုနှစ်တွင် ကျောင်းအုပ်ချုပ်ရေးကော်မတီဖွဲ့စည်းပြီး ဘုရင်ခံ ဆာဟာကုတ် ဘတ္တလာထံ ကျောင်းမြေနေရာ ရရှိရေးတင်ပြခဲ့ရာ ဘုရင်ခံက မြေပေးမည်ဟု ကတိပြု သဖြင့် ခြောက်ဧကကျယ်ဝန်းသော ကန်တော်မင်ဧရိယာကို၁၉၂၈ ခုနှစ်တွင် ငွေ$ကျပ် ၃၅၀ဝ ဖြင့် ဝယ်ယူရရှိခဲ့သည်။
ထိုသို့ဝယ်ယူရရှိခဲ့သောမြေသို့ ၁၉၂၉ ခုနှစ် နဝမ အကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ မြန်မာသက္ကရာ ဇ်၁၂၉၁ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် မြို့မအမျိုးသား ကျောင်းကြီး မင်္ဂလာအုတ်မြစ်ချပွဲ ကျင်းပခဲ့ကြသည်။ မြို့မအမျိုးသားကျောင်းကြီးကို မြန်မာဗိသုကာ၊ အင်ဂျင်နီယာ ဦးဘိုးသောင်(ဘီစီအီး)က တာဝန်ယူဆောက်လုပ်ခဲ့သည်။ ကျောင်း၏ မင်္ဂလာအုတ်မြစ်ချပွဲကို ဗဟန်း အလယ်တောရ ဆရာတော်ဦးကောသလအရှင်မြတ်နှင့်တိုင်းပညာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကြီးတို့က ကြီးမှူးကျင်းပခဲ့ကြသည်။မြို့မအမျိုးသားကျောင်းကြီးကို အုတ်မြစ်ချပြီး ၁၉၃၀ ပြည့်နှစ် ဒသမအကြိမ် အမျိုးသားအောင်ပွဲနေ့တွင်ကျောင်းဆောက်လုပ်ပြီးစီးမှုအခြေအနေကို ဘုရင်ခံအားဖိတ်ကြားပြသခဲ့ပြီး ၁၉၃၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့အမျိုးသားအောင်ပွဲနေ့တွင် အမျိုးသားကျောင်းကြီးကိုကြီးကျယ်ခမ်းနားစွာဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ မြို့မကျောင်း ကြီးဖွင့်ပွဲကို အစိုးရအဖွဲ့အဝင်များ၊ မျိုးချစ်ပုဂ္ဂိ်ုလ်များ၊ သူဌေးသြွူကယ်ကြီးများကို ဖိတ်ကြားပြီး တက်ရောက်စေခဲ့သည်။ မြို့မအမျိုးသားကျောင်း၏ မူလဘူတအစသည်အမျိုးသားပညာရေး သပိတ်တိုက်ပွဲဖြစ်သည်။ မြို့မအမျိုး သားကျောင်းနှင့် အမျိုးသမီးကျောင်းများသည် ကျွန်ပညာ ရေးကိုလက်မခံဘဲ မိမိကိုယ်မိမိ အားကိုးကာ မျိုးချစ်ပုဂ္ဂိ်ုလ်များက ကျောင်းမှထွက်၊ အလုပ်မှထွက်ပြီး ဆရာ ဆရာမများအဖြစ် ပညာသင်ကြားပြသပေးခဲ့ကြသည်။
မြို့မကျောင်းကြီး၏သမိုင်းကား နှစ် ၁၀ဝ သက်တမ်း ပြည့်မြောက်တော့မည်ဖြစ်ရာ ဆရာကြီးဦးဘလွင်၏ တပည့် ကျောင်းသားဟောင်းကြီးများဖြစ်သော ဦးစိန်ထွား၊ ဦးညွန့်ဆွေ၊ ဦးတင်မြင့်တို့အပါအဝင် ခေတ်အဆက်ဆက်က ကျောင်းသားကြီးပေါင်းများစွာသည် မိမိတို့၏ကျေးဇူးရှင် ဆရာသမားများ၏ဂုဏ်ကျေးဇူးကို တုံ့ပြန်ပေးဆပ်ရန်အတွက် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရြာ ပည့်ပွဲဖြစ်မြောက်ရေး အကြိုလှုပ်ရှားမှုများကိုဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။ မြို့မကျောင်းထွက်ကျောင်းသားများသည် နိုင်ငံ့တာဝန်ကို ကြီးလေးစွာ တာဝန်ထမ်းဆောင်ကြသူများစွာ ရှိခဲ့ပါသည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု အပါအဝင် ရဲဘော်သုံးကျိပ်ဝင်ဗိုလ်လင်္ကျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်မင်းခေါင်နှင့် နိုင်ငံရေး နယ်ပယ်၌ သခင်ချစ်၊ သခင်သိန်းဖေ၊ သခင်သန်းထွန်း တို့ကို မွေးထုတ်ပေးခဲ့သော သမိုင်းဝင်ကျောင်းကြီးဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံတွင် ရွှေခေတ်ဟုဆိုအပ်သော ဘောလုံးအောင်ပွဲရခေတ်တွင် ဂိုး လှမောင်၊ မျိုးဝင်းညွန့်၊ လှရွှေလေးတို့သည် မြို့မဂုဏ်ကို ဆောင်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး ကာယအလှမောင်မောင်မောင်လွင်နှင့် အလေးမ ထွန်းမောင်တို့ ကျောင်းဂုဏ်ကို က္ဘာ့အဆင့်အထိ ဆောင်ခဲ့သလို မယ်ဗမာ မစိန်အေး၊ မယ်ဗမာ ခင်မြင့်မြင့်တို့အပါအဝင် ဂီတ နယ်ပယ်တွင် မြို့မကျောင်းသား စန္ဒရား လှထွဋ်၊ မြန်မာ ပြည်သိန်းတန်၊ ရုပ်ရှင်နယ်တွင် ဒါရိုက်တာ ဦးတင်ယု၊ ခင်သီတာထွန်းတို့ အကယ်ဒမီဆုရှင်များဖြစ်ပြီး စာပေ နယ်တွင် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာဦးထင်ဖတ်၊ ဆရာမောင်ဆုရှင်၊ ဆရာမငွေတာရီ၊ ဆရာမကထိက ဒေါ် မြင့်သန်း၊ ဆရာမ မစန္ဒာတို့က အမျိုးသားစာပေဆုရှင်အဖြစ် ထင်ရှားခဲ့ကြသည်။
ရန်ကုန်မြို့ကို ကယ်တင်လိုက်သည့် အင်းစိန်တိုက်ပွဲတွင် မြို့မရဲခေါင် ကျောင်းသားတို့ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး အသက်ပေးလှူခဲ့ကြသည်။ စစ်ဘက်နယ်ပယ်တွင်လည်း ဒုတိယဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်များ ပေါ်ထွန်းခဲ့ပြီး ပြည်ပရန်နှိမ်စစ်ဆင်ရေးများကို ထူးချွန်စွာ ပါဝင်တိုက်ခိုက်ခဲ့ကြပါသည်။ ယခုတင်ပြသော ထင်ရှားသူတို့မှာ အနည်းငယ်မျှသော ပုဂ္ဂိုလ်များသာ ဖြစ်ပါသည်။ များစွာ သော သမိုင်းဝင်ပုဂ္ဂိုလ်များ၏စာရင်းကို စုဆောင်း ရှာဖွေမှတ်တမ်းတင်ကာ ဓာတ်ပုံမှတ်တမ်းပြုစု ထုတ်ဝေ သွားမည်ဖြစ်ပါသည်။
ဆိုရသော် မြို့မ နှစ် ၁၀ဝ ပြည့် ရာပြည့်သဘင်ပွဲကြီး ဆင်နွှဲရန် အချိန်နီးကပ်လာပြီဖြစ်ရာ ြ မို့မကျောင်းသား ကျောင်းသူဟောင်းတို့က ကမကထလုပ်ပြီး မျိုးဆက်သစလူငယ်တို့နှင့်ပူးပေါင်းကာ ပေါင်းစည်းအင်အားဖြင့်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေကြပြီဖြစ်သည်။ မြို့မရာပြည့်သဘင် ကျင်းပရေးလုပ်ငန်းကော်မတီရုံး ကိုလည်း အထက(၂)ဒဂုံ၊ မြို့မကျောင်းလမ်းတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။ မြို့မရာပြည့်မော်ကွန်းမဂ္ဂဇင်းနှင့် ဓာတ်ပုံများကပြောသော သမိုင်းမှတ်တမ်းစာအုပ် ထုတ်ဝေရေးကိုလည်း ကော်မတီဖွဲ့စည်းကာ စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။
စာပေနယ်မှ ဆရာမ မစန္ဒာ၊ ဆရာဆောင်းဝင်းလတ်၊ ဆရာစလင်းဘုန်းကျော်နှင့် ကျောင်းသားဟောင်း စာပေပညာရှင်တို့က တာဝန်ခံပြီး ထူးခြားသော မဂ္ဂဇင်း ကြီး ထွက်ပေါ်လာရေး စာမူများ ဖိတ်ခေါ်နေပြီဖြစ်ပါသည်။ မြို့မကျောင်းကြီး၏ နှစ် ၁၀ဝ ပြည့် သက်တမ်းကိုကမ္ပည်းရေးထိုးမှတ်တမ်းတင်ရာတွင် အခမ်းအနားများ ကျင်းပခြင်း၊ ပြခန်းပြပွဲများ ကျင်းပခြင်း၊ တေးဂီတပွဲ၊ ဈေးရောင်းပွဲတော်၊ အမှတ်တရပစ္စည်းရောင်းချရေးနှင့်အခြားသော ရာပြည့်ဂုဏ်ဆောင်အခမ်းအနားများကိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေကြပြီဖြစ်ပါသည်။
မြို့မအမျိုးသားကျောင်းကြီး၏ ရာပြည့်ပွဲတော်ကြီး ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အမျိုးသားအောင်ပွဲနေ့တွင် ကြီးကျယ်ခမ်းနားစွာကျင်းပပြီး သမိုင်းအထောက်အထားစုံလင်သည့် ရာပြည့်မော်ကွန်းမဂ္ဂဇင်းနှင့်ဓာတ်ပုံမှတ်တမ်းစာအုပ် ထုတ်ဝေနိုင်ရေးအတွက်ကျောင်းသား ကျောင်းသူဟောင်းများ၊ မျိုးချစ်ပုဂ္ဂိုလ်များ က ဝိုင်းဝန်းကြိုးပမ်းကူညီကြပါရန် ရေးသားတင်ပြလိုက်ရပါသည်။ ။
ရည်ညွှန်း - အမျိုးသားအောင်ပွဲနေ့ ရွှေရတုအထူးထုတ် စာအုပ်။