မြန်မာအမျိုးသမီးအသင်း ခြေစမ်းပွဲတွင် ဗီယက်နမ်ကိုရှုံးနိမ့်

မန္တလေး ၂၁ မတ်

၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဗီယက်နမ်လက်ရွေးစင် အမျိုးသမီးအသင်းသည် ယနေ့ညနေက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားရာ ဗီယက်နမ်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ဇာဇာမြင့် (ဂိုး)၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ ဝေဝေအောင်၊ ခိုင်သဇင်၊ ရူပါခိုင်၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ခင်မိုးဝေ၊ ရီရီဦး၊ ဝင်းသိင်္ဂီထွန်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည်  ပွဲအစပိုင်းသာ ဗီယက်နမ်အသင်းဘက်သို့ ဖိအားပေးနိုင်ခဲ့ပြီး ၁၀ မိနစ်နောက်ပိုင်းတွင် ဗီယက်နမ်အသင်း၏ ပြန်လည်ဖိအားပေးခြင်းကို ခံခဲ့ရသည်။ အဓိက ကစားသမားအချို့ ခြေစွမ်းမပြနိုင်၍လည်း မြန်မာအသင်းသည် ပုံစံကောင်းရရန်  ရုန်းကန်ခဲ့ရသည်။ ဗီယက်နမ်အသင်းသည် အဓိကကစားသမားအများစုဖြင့် ပွဲထွက်လာပြီး မြန်မာဂိုးပေါက်ကို ခြိမ်းခြောက်နိုင်သော်လည်း မြန်မာအသင်း ခံစစ်အမှားမရှိသောကြောင့် ဂိုးမရခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းက ကစားသမားများအပြောင်းအလဲပြုလုပ်ခဲ့သလို ဗီယက်နမ်အသင်းကလည်း ဂိုးရရန် တိုက်စစ်အားမြင့်ခဲ့သည်။ ဒုတိယပိုင်းအစတွင် ဗီယက်နမ်အသင်း ပိုဖိကစားနိုင်ခဲ့ပြီး ၄၉ မိနစ်တွင် ငုယင်သီတူယက်၏ ကန်ချက် ဘားထိထွက်ခဲ့သော်လည်း မိနစ် ၅၀ တွင် ငုယင်သီဗင်က အနိုင်ဂိုးသွင်းယူခဲ့သည်။

ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ချေပဂိုးရရန် ကြိုးစားသော်လည်း အမြင့်ဘောများဖြင့် တိုက်စစ်ဆင်နေ၍ ဗီယက်နမ်နောက်တန်း အလွယ်တကူ ဖျက်ထုတ်ခံနေရသည်။ ၅၇ မိနစ်တွင် မြန်မာအသင်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ဗီယက်နမ်ဂိုးသမားကိုလိမ်ပြီး ကန်သွင်းသော်လည်း လွဲချော်ခဲ့၍ မြန်မာအသင်း ချေပဂိုးနှင့် ဝေးခဲ့ရသည်။

မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းသည် ခြေစမ်းပွဲဒုတိယပွဲအဖြစ် မတ် ၂၃ ရက်တွင် မန္တလာသီရိကွင်း၌ ထပ်မံယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်

 

mdn